DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့က ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို လူငယ်များ ကန့်ကွက်
DVB
·
February 23, 2022
ဗန်းမော်မြို့က ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို လူငယ်များ ကန့်ကွက်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့နယ်အားကစားကွင်းမှာ ကျင်းပနေတဲ့ ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဗန်းမော်မြို့က ဘောလုံးဝါသနာရှင် လူငယ်တွေက ကန့်ကွက်လိုက်ပါတယ်။

အခုကျင်းပတဲ့ ကလပ်ပေါင်းစုံဘော်လုံးပွဲဟာ စစ်ကောင်စီလက်အောက် အားကစားဝန်ကြီးဌာနက ဘောလုံးပြိုင်ပွဲကျင်းပမယ်ဆိုရင် ပြိုင်ပွဲဝင်မယ့် ဘောလုံးအသင်းမရှိဘဲ ဖြစ်မှာကြောင့် ကလပ်ပေါင်းစုံပြိုင်ပွဲအနေနဲ့ စစ်ကောင်စီက တဖက်လှည့် ကျင်းပတာလို့ ဘောလုံးအားကစားသမား လူငယ်တစ်ဦးက ပြောပါတယ်။

“ဒီအချိန် အားကာက ဘောလုံးပွဲလုပ်မယ်ဆို ကစားမယ့် အသင်းတွေ၊ အားကစားသမားတွေရှိမှာမဟုတ်၊ အဲတာကြောင့် တစ်ဖက်လှည့်ပြီးတော့၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူကိုတွေကို ကြီးမှူးခိုင်းပြီးတော့ ကလပ်ပွဲဆိုပြီးလုပ်တာ၊ စစ်ကောင်စီက လုပ်တဲ့ဘောလုံးပွဲနဲ့ အတူတူပဲ၊ ကျနော်က လက်မခံဘူး၊ ကန်လည်း သွားမကန်ဘူး။”

ဒီကာလမှာ ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားကွင်းမှာ ကျင်းပနိုင်တာကလည်း စစ်ကောင်စီလက်အောက်က မြို့နယ်အားကစားဝန်းကြီးဌာနနဲ့ ပတ်သက်မှုမရှိဘဲ ဘယ်လိုမှကျင်းပနိုင်မှာ မဟုတ်ဘူးလို့ လူငယ်က ဆက်ပြောပါတယ်။

“ဒီလိုခေတ်ကာလ မကောင်းတဲ့အချိန်မှာ မြို့နယ်ကွင်းမှာ ပြိုင်ပွဲပြုလုပ်နိုင်တာက တော်တော်စဉ်းစားစရာပဲ၊ ဘောလုံးပွဲလုပ်ဖို့ စကစလက်အောက်က ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ရမယ်၊ နောက်ဆုံး စစ်တပ်(စကစ) က ခွင့်ပြုချက်မပါဘဲ လုပ်လို့မရဘူး၊ အဖြေက ရှင်းနေတာပဲ၊ စစ်တပ်(စကစ)က လုပ်တဲ့ဘောလုံးပွဲပဲ”

အခုကျင်းပတဲ့ အားကစားပွဲဟာ စစ်ကောင်စီက နယ်မြေအေးချမ်းနေပြီး ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို ဝါဒဖြန့်ဖို့အတွက် တဖက်တလှမ်းက ပံ့ပိုးနေတဲ့ပွဲဖြစ်တယ်လို့ ဗန်းမော်မြို့က ဘောလုံးပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးပြောဆိုပါတယ်။

ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အားကစားသမားတချို့ကိုလည်း ကလပ်အသင်းတွေက ခေါ်ယူကစားစေပြီး စစ်ကောင်စီ ဝါဒဖြန့်ဖို့အတွက် အကူအညီပေးနေတယ်လို့ အားကစားလူငယ်တွေကြားမှာ ပြောဆိုနေကြပါတယ်။

ဘောလုံးပြိုင်ပွဲမှာ ကလပ်အသင်း ၁၆ သင်း ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပေမဲ့ ဖေဖော်ဝါရီ ၁၄ ရက်က မြို့နယ်အားကစားကွင်းမှာ ဗုံးပေါက်တာကြောင့် အသင်း ၉ သင်းသာ ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။ ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က တိတ်တဆိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013