
မက္ကဆီကိုနိုင်ငံ၊ ဇာကာတေးကက်စ်ပြည်နယ်၊ အိုဟို့စ်ကာလီယန်းတေးမြို့ရဲ့ မြို့နယ် ရဲဌာနချုပ် အပြင်ဘက်မှာ ဩဂုတ် ၃၀ ရက်က ကားဗုံးတလုံး ပေါက်ကွဲခဲ့လို့ ၁၁ ယောက် ဒဏ်ရာရပြီး အိမ်ခြေ ၃၀ နီးပါး ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဩဂုတ် ၃၁ ရက်မှာ အတည်ပြုပါတယ်။
ပေါက်ကွဲမှုကြောင့် ရဲမေတယောက်နဲ့ ကလေးတယောက်အပါအဝင် အရပ်သား ၁၀ ယောက် ဒဏ်ရာရခဲ့ပြီး၊ လက်ရှိမှာ အားလုံး ဆေးကုသမှု ခံယူနေရပါတယ်။ ဒဏ်ရာရသူတွေထဲက တယောက်ကတော့ ဒဏ်ရာပြင်းပေမဲ့ စိုးရိမ်စရာမရှိပါဘူး။
ပေါက်ကွဲအားကြောင့် မြို့လယ်က ဂွန်ဇာလက်စ် အော်တေးဂါ လမ်းပေါ်မှာရှိတဲ့ ရဲစခန်းရဲ့ မီတာ ၃၀၀ ပတ်လည်မှာရှိတဲ့ ပြတင်းပေါက် မှန်တွေနဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဟာလစ်စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ရဲ့ အဖွဲ့ဝင်တယောက်ကို ရဲတွေက ဖမ်းဆီးရမိခဲ့တာကြောင့် အဖွဲ့အစည်းဆိုင်ရာ ဒုစရိုက်ဂိုဏ်းတွေဘက်က လက်စားချေတဲ့အနေနဲ့ အခုလို လာရောက်တိုက်ခိုက်တာလို့ ဇာကာတေးကက်စ် ပြည်နယ်အစိုးရ အထွေထွေအတွင်းရေးမှူး ရိုဒရီဂို ရေးယက်စ်က ရှင်းပြပါတယ်။
တနင်္ဂနွေည ပေါက်ကွဲမှုမှာ သုံးသွားတဲ့ မော်တော်ကားဟာ ဘေးနားက ဟာလစ်စကို ပြည်နယ်ထဲကနေ ခိုးလာတာဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတာလို့လည်း ရေးယက်စ် ပြောပါတယ်။
ဒီရဲဌာနချုပ်ဟာ ၂ နှစ်အတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး အရင်တုန်းကတော့ လက်ပစ်ဗုံးနဲ့ အသေးစားဖောက်ခွဲမှုတွေပဲ ရှိခဲ့တာမို့ အခုလို ကားဗုံးနဲ့ တိုက်ခိုက်တာကတော့ ပထမဆုံးပဲလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတွေကတော့ မလုံခြုံသလို ခံစားနေရကြောင်းနဲ့ အဓိကကတော့ မြို့လယ်ကောင်မှာ ရဲစခန်း ရှိနေလို့ ဖြစ်တယ်လို့ ပြောပါတယ်။
အရင်ကလည်း ဒီလိုမျိုး ကြုံခဲ့ရလို့ ရဲစခန်းကို တခြားနေရာ ရွှေ့ပေးဖို့ မြို့ခံတွေ လက်မှတ်ကောက်ပြီး တောင်းဆိုဖို့ ပြင်ခဲ့ကြဖူးတယ်လို့လည်း ဆိုပါတယ်။
အဲဒီအချိန်က နောက်တဆင့်ထိ မလုပ်ဖြစ်ခဲ့ပေမဲ့ အခုတော့ တခြားနေရာကို အမြန်ဆုံး ပြောင်းရွှေ့ပေးကြဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။











