
မင်းတပ်မြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် အင်အား ၃၀၀ လောက်နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မင်းတပ်မြို့ကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထွက်လာတာဖြစ်ပြီး ဒေသအခေါ် ဘောသုံးရွာကို ဖြတ်လာတဲ့အတွက် ကျေးရွာအနီးနားမှာရှိတဲ့ အခြားရွာတွေကပါ ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းနဲ့ မင်းတပ် CDF တို့အကြား ထိတွေ့တိုက်ပွဲ မဖြစ်ပွားသေးပေမဲ့ ရွာသားတွေကတော့ ဘေးလွတ်ရာ တောင်ယာခင်းတွေဘက်ကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်းတပ်မြိုရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်ဘက်က ၃ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးခဲ့သလို ဒေသကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် CDF နဲ့လည်း အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က မင်းတပ်မြို့ကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ကန့်သတ် ထားတဲ့အတွက် မင်းတပ်မြို့က ပြည်သူတွေဟာ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အလွန်မြင့်မားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။