DVB Logo
Home
မြန်မာသတင်း
ကရင်ဝန်ကြီးချုပ်ကို ထောင်ဒဏ်ထက်ဝက်လျှော့၊ အကျဉ်းသား ၈၁၄ ဦးကိုလွှတ်၊ အေအေ ၄၆ ဦးကို အမှုပိတ်
DVB
·
February 12, 2022
ကရင်ဝန်ကြီးချုပ်ကို ထောင်ဒဏ်ထက်ဝက်လျှော့၊ အကျဉ်းသား ၈၁၄ ဦးကိုလွှတ်၊ အေအေ ၄၆ ဦးကို အမှုပိတ်
1 / 2
Donate to DVB

ဘားအံအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁  ပုဒ်မခွဲ ၁ အရ  ကျခံရမယ့်ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ဖော်ဝါရီ ၁၂ ရက် နေ့စွဲနဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်က အမိန့် ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက  ရာဇသတ်ကြီးပုဒ်မ  ၅၀၅-ခ နဲ့ ၂ နှစ် ၊ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့  အမှု ၅ မှုအတွက် ၇၅ နှစ်၊  မဲမသမာမှု စွပ်စွဲချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့  ထောင်ဒဏ် ၃ နှစ်  စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ် ထားတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်အမှု လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်သိန်းက” ဒါအတွက်ကတော့ အပြီးအပြတ်လွတ်တဲ့ ကိစ္စမျိုးမဟုတ်တဲ့အတွက် လျှော့ပေါ့ပေးတယ်ဆိုတဲ့ နိုင်ငံရေးအတိုးအလျှော့ ကစားတဲ့သဘောမျိုး လုပ်ချင်တဲ့ပုံစံမျိုး။ ရှင်းရှင်းပြောရရင် ထိန်းသိမ်းထားတဲ့အတိုင်းအတာကို သူတို့ကနေပြီးတော့ လောလောဆယ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးစနစ်ပေါ်အခြေပြုပြီး ပြောင်းပြန်လှန်ပြီးတော့ လုပ်ချင်တဲ့ သဘောတွေကို ကျင့်သုံးတာ”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း ထာဝရငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲ ရက္ခိုင့်တပ်တော် အေအေအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၄၆ ဦးကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးလိုက်တယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးအသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအနက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံပြီဖြစ်တဲ့အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်နေကြတဲ့ အကျဉ်းသား ၈၁၄ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁  ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့  ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလုပ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

အလားတူ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်း  နိုင်ငံချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍ လည်းကောင်း လူသားချင်းစာနာမှုအရလည်းကောင်း  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သီးခြားအမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013