DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် စည်ပင်ဝန်ကြီးတို့ကို အဂတိမှုဖြင့် စွပ်စွဲ အမှုဖွင့်
DVB
·
April 10, 2021
ဖမ်းဆီးခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် စည်ပင်ဝန်ကြီးတို့ကို  အဂတိမှုဖြင့် စွပ်စွဲ အမှုဖွင့်
Donate to DVB

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်က ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

သူတို့နှစ်ဦးဟာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်တွေကို အရေးယူပေးဖို့ တိုင်ကြားစာအရ စစ်ကောင်စီရဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်တို့ဟာ  ဘားအံမြို့၊ ကမ်းနားလမ်း သာယာလှပရေးနဲ့  အဆင့်မြှင့်တင် ရေးလုပ်ငန်း စီမံကိန်းမှာ ပုဂ္ဂလိကသို့ ခွင့်ပြုပေးပိုင်ခွင့်မရှိတဲ့ ကမ်းနားလမ်း မြေ ၄ ဧကကျော်ကို ပုဂ္ဂလိကသို့ မြေငှားဂရန် ထုတ်ပေးခဲ့လို့ နိုင်ငံပိုင်မြေဆုံးရှုံးပြီး နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၅၃၈၀ ကျော် နစ်နာစေခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့တဲ့ ရန်ပုံငွေတွေကို နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်တွေမှာ သီးခြား ငွေစာရင်း များဖွင့်လှစ်ကာ ငွေကျပ်သန်း  ၉၆၉၇  ကျော်ကို လက်ခံရယူခဲ့တာ၊ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ သက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်သိန်း ၇၄၂၅ ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးခဲ့တာ၊ အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်ရေးအတွက် လုပ်ငန်းတင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စုစုပေါင်းငွေကျပ် သိန်း(၅၀၀၀)ကို ကြိုတင်လက် ခံရယူခဲ့တယ်လို့ စွပ်စွဲပြောဆိုပါတယ်။ 

ဒါ့အပြင် ဒေါ်နန်းခင်ထွေးမြင့်ဟာ  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဘားအံမြို့နဲ့ ရန်ကုန်မြို့မှာ ဆေးကုသမှု ခံယူရာမှာ ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ငွေကျပ် ၁၆သန်းခွဲကို ရယူသုံးစွဲခဲ့တယ်လို့ လည်း စစ်ကောင်စီပြောခွင့်ရသူက စွပ်စွဲပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့  ၂၀၁၇ ဇူလိုင်လက ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ တာဝန်ထမ်း ဆောင်စဉ်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဘယ်ဘက်ခြေသ လုံးရိုးကျိုးဒဏ်ရာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာသွားရောက် ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။

စည်ပင်ဝန်ကြီး ဦးသန်းနိုင်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ပြီး ကျောရိုးမကြီးအား ခွဲစိတ် ကုသမှုခံယူခဲ့ရာမှာ  လုပ်ငန်းရှင် တစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံရယူခဲ့သလို ၂၀၂၀ အောက်တိုဘာလက မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ် ငွေကျပ် သိန်း ၅၀  လုပ်ငန်းရှင်တစ်ဦးထံမှ တောင်းခံရယူခဲ့တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

နိုင်ငံရေးရာထူးရှိစဉ် ရာထူးတာဝန်အရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်လိုက် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့  ဝန်ကြီး ဦးသန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကရင်ပြည်နယ်၊ ဘားအံမြို့မရဲစခန်းမှာ ဧပြီ ၈ ရက်နေ့စွဲနဲ့  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့  စည်ပင်ဝန်ကြီး ဦးသန်းနိုင်တို့ကတော့ ဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် ပြန်လည် တုံ့ပြန်ချေပနိုင်ခြင်းမရှိပါဘူး။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို  ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်နေ့  ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ထားရှိကာ ဖေဖော်ဝါရီ    ၈ ရက်မှာ  စစ်အစိုးရက နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013