DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို တစိုက်မတ်မတ်တော်လှန်ခဲ့သူ ကာတွန်းဆရာ ပန်းချီဆရာ ဟန်လေး ကွယ်လွန်
DVB
·
February 9, 2022
စစ်အာဏာရှင်ကို တစိုက်မတ်မတ်တော်လှန်ခဲ့သူ ကာတွန်းဆရာ ပန်းချီဆရာ ဟန်လေး ကွယ်လွန်
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ကာတွန်းတွေရေးဆွဲရာမှာ  လူသိများထင်ရှားတဲ့ ကာတွန်းဆရာ၊ ပန်းချီဆရာ ဟန်လေး (စိုင်းဟန်လေး) အသက်  ၅၈ နှစ်ဟာ ဖေဖော်ဝါရီ ၉ ရက်  ဒီကနေ့ညနေပိုင်းမှာ  အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ 

ကိုဟန်လေးဟာ အသည်းကင်ဆာရောဂါဝေဒနာခံစားနေရတာ ကာလအတန်ကြာခဲ့ပြီး လွန်ခဲ့တဲ့ ၅ လ ကျော်လောက်ကစလို့ တောင်ကြီးမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံမှာ တက်လိုက်ဆင်းလိုက် ကုသနေရာက ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အခြေအနေမကောင်းတော့လို့ ဆရာဝန်တွေက လက်လျှော့ခဲ့ကြောင်း ၊ ဒီကနေ့ ညနေ ၃ နာရီကျော်မှာတော့ အားလုံး ကိုနှုတ်ဆက်ထွက်ခွါသွားခဲ့ပြီလို့  ဆွေမျိုးနီးစပ်သူတစ်ဦးက  ဒီဗွီဘီကို  ပြောပါတယ်။ 

ကာတွန်းဟန်လေးရဲ့ အမည်ရင်းဟာ ဦးလှမြင့်သိန်းဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာ  ရှမ်းပြည်နယ် နောင်မွန်မြို့ဇာတိဖြစ်ပါတယ်။  အဖ စဝ်ငြိမ်း (ခ) စဝ်နော်မိုင်နဲ့ အမိ ဒေါ်လှယဉ်တို့ကနေ မွေးဖွားခဲ့ပြီး  မွေးချင်း ၆ ယောက်အနက် ၅ ယောက်မြောက်သား ဖြစ်ပါတယ်။  အထက ၁ တောင်ကြီးမြို့မှာ အထက်တန်း ပညာသင်ယူခဲ့ပြီး ရန်ကုန်ပန်းချီ၊ ပန်းပုကျောင်းမှာ ၁၉၈၂ မှ ၁၉၈၄ အထိ  နာမည်ကြီး ပန်းချီဆရာတွေထံမှာ ပညာသင်ယူခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့အခါ ၁၉၈၅ ခုနှစ်မှာ တောင်ကြီးမြို့ မြသုခရုပ်ရှင်ရုံမှာ ရုပ်ရှင်ပိုစတာတွေရေးဆွဲပြီး အသက်မွေးဝမ်းကျောင်းခဲ့သူ ဖြစ်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ပြည်ပသို့ထွက်ခွာလာကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်ခဲ့ပြီး ပြည်ပအခြေစိုက် ဧရာဝတီ၊ ခေတ်ပြိုင်စတဲ့  သတင်းစာ ဂျာနယ် စာနယ်ဇင်းတွေမှာ နိုင်ငံရေးကာတွန်းတွေ တစိုက်မတ်မတ် ရေးဆွဲခဲ့ပါတယ်။

ကာတွန်းဟန်လေးဟာ ကာတွန်းပညာနဲ့ စစ်ခေါင်းဆောင်တွေကို ထိထိမိမိ သရော်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ကာတွန်းတွေဟာ အတိုက်အခံ နိုင်ငံရေးလောကထဲက အမြင်တော်တွေကိုလည်း မထောက်မညှာ ဝေဖန်ခဲ့ပါတယ်။ အတွေးအခေါ် စူးရှသလောက် အရုပ်အားကောင်းတဲ့ သူ့ကာတွန်းတွေဟာ နိုင်ငံတကာ ပရိသတ်ကိုလည်း မြန်မာ့နိုင်ငံရေးကို ရှင်းရှင်းလင်းလင်း နားလည်အောင်လည်း မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာနေထိုင်ကာ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ ကာတွန်းရေးဆွဲတာ၊  ပန်းချီတွေရေးဆွဲတာနဲ့ ပန်းပုထုတာ စတဲ့ အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ 

ကိုဟန်လေးကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး သူနဲ့ ရင်းနှီးတဲ့မိတ်ဆွေ စိုင်းကျော်ခိုင်က “ ကိုဟန်လေးကို ကျနော် ၂၀၀၆- ၂၀၀၇ ခုနှစ်မှာချင်းမိုင်မှာစတွေ့တယ်။ အဲကတည်းကစပြီးသူနဲ့ ကျနော်ကပန်းချီအကြောင်းတွေ သူ့ဆီက ဗဟုသုတတွေယူတယ်။ ကျနော်ကသူ့ကို ဒစ်ဂျစ်တယ်အကြောင်းတွေ ပြန်ပြရင်း  နောက်ပိုင်းကာတွန်း အန်နီမေးရှင်းတွေ အတူတူတွဲလုပ်ဖြစ်တယ်။ သူ့အိုင်ဒီယာတွေ အတွေးအခေါ် တော်တော်ကောင်းတဲ့လူပါ။ The Nation မှာ ကာတွန်းရေးတဲ့ ပြင်သစ်ကာတွန်းဆရာက ကျနော့်ကို ပြောဖူးတယ်၊ ကိုဟန်လေးဟာ အာရှမှာ Top 10 ဝင်တဲ့ကာတွန်းဆရာလို့ ကျနော်ကိုပြောပြတယ်။ နောက်ဩဇီက ကာတွန်း ဆရာတစ်ယောက်လည်း သူ့ကိုအရမ်းလေးစားတယ်။ တကယ်တော့ ကိုဟန်လေးဟာ ကာတွန်းတခုတည်း မဟုတ်ဘူး။ ပန်းချီရော ပန်းပုပါတော်တဲ့လူတစ်ယောက်ပါ။ သူ့လိုလူတယောက်ဆုံးရှုံးသွားတာ နှမျောမိတယ်။ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားတာပေါ့။  လူမသိသူမသိ အောင်ဆေးကုသနေရတယ်ဆိုတာ တော်တော်တော့ ရင်နာဖို့ကောင်းတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ကာတွန်းဟန်လေး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ကာတွန်းဆရာအော်ပီကျယ်က “ ၁၉၈၈ နောက်ပိုင်း ပြည်တွင်းကာတွန်းဆရာတွေ စာပေစိစစ်ရေးအောက် လှုပ်မရတဲ့အချိန်မှာ ပြည်ပကနေ အကောင်းဆုံးကာတွန်းတွေ ရေးဆွဲခဲ့သူပါ။ ပြည်ပနေ ကာတွန်းဆရာအချို့ ရှိပေမယ့် မြန်မာပရိသတ်ရဲ့ရင်ကို အထိရောက်ဆုံးရေးဆွဲခဲ့တယ်။ ပြည်တွင်းမှာ ပြန်လာနေတော့ ခေတ်တစ်ခေတ်ရဲ့ကာတွန်းဆရာဆု ချီးမြှင့်ဖို့တောင် ရည်ရွယ်ခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ သူကင်ဆာဖြစ်တယ်၊ အခြေအနေမကောင်းဘူးကြားတော့ ချစ်ခင်ကြတဲ့ကာတွန်းဆရာအချို့က ဆေးကုသဖို့ ကူညီခဲ့ကြပေမယ့်၊ တောင်မကျော်နိုင်ခဲ့ဘူး။ (နွေပန်းချီကာတွန်းသင်တန်းတွေ ဦးဆောင်ခဲ့တဲ့ တောင်ကြီးကကိုသားဇော် ဖုန်းဆက်လို့ ကိုဟန်လေး တောင်ကြီးမှာ ကွယ်လွန်ကြောင်း၊ သူ့အိမ်ရှိတဲ့ ပင်လုံကို ပြန်ခေါ်သွားကြောင်း သိရပါတယ်။) ကိုဟန်လေး ငြိမ်းချမ်းပါစေ။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါပါတယ်။

ကိုဟန်လေးကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားတစ်ယောက် သမီးတစ်ယောက်ကျန်ရစ်ခဲ့ပြီး သူ့ရဲ့  ဈာပနအစီအစဉ်ကိုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်နေဆဲမို့ ဘယ်နေ့ ဘယ်မှာကျင်းမယ်ဆိုတာ မသိရသေးပါဘူး။ 

Photo Credit-NAMSHAI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013