DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုရှိနေပါက ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင်ပြော
DVB
·
February 4, 2022
အကြမ်းဖက်မှုရှိနေပါက ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင်ပြော
Donate to DVB

အကြမ်းဖက်မှုတွေရှိနေပါက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိမှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက‌ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က  ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမမှာ  ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

“တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှု မရှိမှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစမှအဆုံး အောင်မြင်နိုင်မှာဖြစ်တယ်။ အောင်မြင်နိုင်အောင်လည်း ပြည်သူတစ်ရပ်လုံးက ယုံမှားသံသယကင်း ရှင်းစွာနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်တယ်၊ အကြမ်းဖက်မှု ရှိနေပါလျှင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းရှိမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်း မရှိပါက အနိုင်ရကိုယ်စားလှယ်လောင်း၊  နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့တွေ ပေါ်ထွက်လာနိုင်မှာ မဟုတ်တာကို ယနေ့ မတရား အာဏာသိမ်းခြင်းနဲ့ အာဏာဝင် ရောက်ထိန်းသိမ်းဆောင် ရွက်နေမှုအပေါ် အယူအဆနဲ့ ယုံကြည်မှု လွဲမှားလျက် အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေသူတွေနဲ့ မြှောက်ပင့်ပေးနေသူတွေ သတိပြုဖို့ လိုအပ်တယ်၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ဆက်လက်ဆောင်ရွက် သွားမယ်” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ  ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကယား(ကရင်နီ) ပြည်နယ်ကိုရောက်ရှိခဲ့ပြီး  စစ်ကောင်စီတပ်တွေကို သွားရောက်အားပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဘောလခဲမြို့ရှိ တပ်မတော်မိသားစုနဲ့တွေ့ဆုံပြီး အားပေးစကားတွေ ပြောခဲ့သလို ဇန်နဝါရီ ၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့က တပ်မတော်အရာရှိစစ်သည်တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်နေ့က နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

တပ်တွင်းစစ်လုံးညီညွတ်မှုကိုတည်ဆောက်ပြီး စစ်ရေးအသိ၊ စစ်ရေးသတိနဲ့ နေထိုင်သွားလာလှုပ်ရှားဖို့ လည်း  ပြောဆိုခဲ့ပါတယ်။

လွိုင်ကော်တပ်နယ်နဲ့၊ ဖယ်ခုံတပ်နယ်က အရာရှိစစ်သည်မိသားစုတွေနဲ့ တွေ့ဆုံပြီး  စစ်ကောင်စီအနေနဲ့ အရေးပေါ်ကာလ ကန့်သတ်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ  ဖေဖော်ဝါရီ  ၃ ရက်  လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်) အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တိုက်ပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နဲ့အညီ ကျင့်သုံးလိုက်နာဆောင်ရွက်စေပြီး အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံး အင်အားကိုအသုံးပြုပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တကယ့်လက်တွေ့ မြေပြင်မှာတော့ စစ်အင်အားလုံးအရင်းနဲ့ မြေပြင်ကရော ဝေဟင်ကပါ စစ်ကောင်စီတပ်ကတွေ ပစ်ခတ်တိုက်ခိုက် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ် ခြိမ်းခြောက်တာ၊ ပြည်သူပိုင် အဆောက်အဦတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်  ဖောက်ခွဲ ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။ 

စစ်ကောင်စီဒု-ဥက္ကဋ္ဌ လွိုင်ကော်ကိုရောက်ရှိစဉ် မြို့တွင်းလမ်းတချို့ ပိတ်ထားသလို ဝေဟင်မှာလည်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံဝဲတာမျိုးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဒုခေါင်းဆောင် ပြန်သွားပြီးနောက်  ဒီကနေ့ မနက်ပိုင်းမှာလည်း လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေသလို နေ့လယ်ပိုင်းကလည်း မြို့တွင်း တိုက်ပွဲတခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

PHOTO-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013