အာဆင်နယ်အသင်းဟာ နယူးကာဆယ်ကွင်းလယ်လူ ဘရူနိုဂီမာရက်စ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူလိုက်ပြီးနောက် နည်းပြ မီခယ်လ်အာတီတာကတော့ ဂီမာရက်စ် ရောက်ရှိလာတာဟာ အသင်းအတွက် မတူညီတဲ့ မီးပွားသစ် ဖြစ်စေမယ်လို့ ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူ ဂီမာရက်စ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာပါ။
ဒေါ့မွန်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဗုဒ္ဓဟူးနေ့ ကိုမိုနဲ့ပွဲမှာတော့ ပါဝင်လာဖို့ ရှိပါတယ်။
နည်းပြ အာတီတာက ဂီမာရက်စ်ကို ခေါ်ယူရတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ ဂီမာရက်စ်ဟာ စစ်သည်တယောက်လို စိတ်ဓာတ်ရှိပြီး အရည်အသွေး၊ ဦးဆောင်မှုတွေနဲ့ ပြည့်စုံတယ်လို့ ဆိုပါတယ်။
သူဟာ ကွင်းလယ်မှာ နေရာ ၂ မျိုး ကစားနိုင်သလို ဘောလုံးပြန်လည်ရယူရာမှာ အချိန်ကိုက် ကောင်းမွန်ပါတယ်။
ဂိုးသွင်းနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လို့ နည်းပြက ချီးကျူးထားပါတယ်။ အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ဟာ ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း အရိပ်အမြွက် ပြောပါတယ်။










