DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် ကွမ်းသီးဈေး ထိုးကျပြီး ခြံပိုင်ရှင်နှင့် လုပ်သားများ အခက်အခဲဖြစ်
DVB
·
May 7, 2026
Photo: DVB
Photo: DVB
Donate to DVB

ပုလောမြို့နယ်မှာ အဓိကစီးပွားရေးဖြစ်တဲ့ ကွမ်းသီးလုပ်ငန်းဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ဈေးနှုန်းနှိမ်ခံရတာတွေကြောင့် ခြံပိုင်ရှင်တွေ အရှုံးနဲ့ရင်ဆိုင်နေရပြီး အခြေခံလုပ်သား တွေလည်း ကုန်ဈေးနှုန်းဒဏ်ကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ကွမ်းသီးလုပ်ငန်းဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စက်သုံးဆီဈေး မြင့်တက်မှုတွေကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ 

ကွမ်းသီးရာသီ ကုန်ဆုံးခါနီးအချိန်မှာ ဈေးနှုန်းတွေ ထိုးကျသွားတာကြောင့် ခြံပိုင်ရှင်တွေ အရှုံးပေါ်နေသလို၊ အခြေခံလုပ်သားတွေလည်း ကုန်ဈေးနှုန်းဒဏ်ကြောင့် စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

ကွမ်းသီးရာသီ ကုန်ဆုံးခါနီး ဧပြီလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာနဲ့အတူ စက်သုံးဆီဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ဒီအခြေအနေကို အကြောင်းပြပြီး ကုန်သည်တွေက ကွမ်းသီးဈေးကို သိသိသာသာ နှိမ်ပြီး ဝယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကွမ်းသီးခြံပိုင်ရှင်တယောက်က “နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဖြစ်နိုင်သလို၊ ကုန်သည်တွေဘက်ကလည်း ဆီဈေးတက်တာကို အကြောင်းပြပြီး ဈေးနှိမ်တာတွေ ရှိပါတယ်။ ကွမ်းသီးမှာ အရှုံးပေါ်တော့ နောက်ထွက်မယ့် ရာသီပေါ်သီးနှံတွေကိုပဲ မျှော်လင့်ပြီး အခက်အခဲတွေကို ဖြေရှင်းနေရပါတယ်ဗျာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ကွမ်းသီးခြောက် တပိဿာကို ကျပ် ၁၅,၀၀၀ ဝန်းကျင်အထိ ဈေးရှိခဲ့ပေမဲ့ အခု ဧပြီလအတွင်းမှာတော့ ကျပ် ၉,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်း ထိုးကျသွားခဲ့ပါတယ်။ 

ကွမ်းသီးနွှာခ လုပ်အားခဟာ တနေ့ကို ကျပ် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ ရရှိပေမဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လောက်ငမှု မရှိတဲ့အတွက် ခြံပိုင်ရှင်တွေသာမက ကွမ်းသီးနွှာတဲ့ အခြေခံလုပ်သားတွေမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။

ကွမ်းသီးနွှာလုပ်သား အမျိုးသမီးတယောက်က  “မလောက်ငဘူးရှင်။ အိမ်မှာကလည်း အိမ်ထောင်ဦးစီးက ကျန်းမာရေးမကောင်းတာ တနှစ်လောက်ရှိပြီ။ ကိုယ်က နေ့စားလုပ်သားဆိုတော့ အဆင်မပြေဘူးလေ။ ချွေတာပြီး ဖြေရှင်းနေရတာပဲ။ မရှိရင်လည်း ချေးတန်ချေး၊ ငှားတန်ငှားပေါ့။ ဒီလိုပဲ ရှာဖွေပြီး လည်ပတ်နေရပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ပုလောဒေသမှာ ဆန်ကြမ်း ၁၀ ပြည်အိတ် တအိတ်ကို ကျပ် ၃၈,၀၀၀ နဲ့ ဆီတလီတာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် ချေးငှားပြီး ရုန်းကန်နေရတယ်လို့ ကွမ်းသီးနွှာတဲ့ အလုပ်သမားတွေက ပြောပါတယ်။

ပုလောမြို့နယ်အတွင်းမှာ ကွမ်းသီး၊ ရာဘာနဲ့ ဒူးရင်းသီးလို ရာသီပေါ်သီးနှံ ဥယျာဉ်ခြံလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး အခုလို နိုင်ငံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး မတည်ငြိမ်မှုတွေကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝဟာ ဆက်တိုက်ဆိုသလို ကျဆင်းလာနေပါတယ်။

လင်းအိမ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013