DVB Logo
Home
Lead Story
အာဏာသိမ်းပွဲများ
DVB
·
January 29, 2022
အာဏာသိမ်းပွဲများ
Donate to DVB

“ကျနော်တို့ ချမှတ်ထားတဲ့ Road map အတိုင်း အကောင်အထည်ဖော်ပြီး အခြေအနေတွေအားလုံး တည်ငြိမ်လာတဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေလမ်းကြောင်းအတိုင်း ပြန်သွားမှာပါ”

ဒါကတော့ အာဖရိကအနောက်ပိုင်း ‘ဘာကီနာဖာဆို’နိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ဒါမီဘာ ပြောဆိုလိုက်တဲ့ စကားပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်က သမ္မတကာဘိုရီကို ဖမ်းဆီးအာဏာသိမ်းပြီးတဲ့နောက် ကြာသပတေးနေ့မှာ ရုပ်သံကတဆင့် တိုင်းပြည်ကို ပြောကြားခဲ့တာပါ။ 

လက်ရှိသမ္မတ ကာဘိုရီဟာ ဆူပူထကြွနေတဲ့ အစ္စလာမ်မစ်စစ်သွေးကြွတွေကို နိုင်အောင် မထိန်းနိုင်တော့အတွက် ခုလို အာဏာသိမ်းရတာပါလို့ ဆိုတယ်။ ဒီအဖြစ်အပျက်မျိုးတွေက အာဖရိကနိုင်ငံတွေ၊ အထူးသဖြင့် အနောက်အာဖရိက၊ ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ မဆန်းတော့ပါဘူး။ ဒီနှစ်အတွင်း အဲဒီဒေသက နိုင်ငံ သုံးနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တယ်။ အာဖရိကအနေနဲ့ ပြောရရင်တော့ ချဒ်မှာ၊ မာလီမှာ၊ ဂီနီမှာ၊ ဆူဒန်မှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ 

အာဖရိကနိုင်ငံတွေနဲ့ စစ်အာဏာသိမ်းပွဲတွေဟာ မဆန်းတော့သလိုတောင် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာဖရိကမှာ စစ်အာဏာသိမ်းမှု အရေအတွက် ကျဆင်းသွားပေမယ့် ခုချိန်မှာ ပြန်ပြီးများလာတယ်။ ဒီနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အာဏာသိမ်းပွဲအရေအတွက်ဟာ စစ်အေးခေတ် ကာလနဲ့ အတူတူပြန်ဖြစ်လာတယ်လို့ဆိုတယ်။ စစ်တမ်းအရ အာဖရိကမှာ တစ်နှစ်အတွင်း အာဏာသိမ်းမှု အနည်းဆုံး ၄ ကြိမ် ရှိတယ်လို့ဆိုတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလက ဂီနီမှာ စစ်ခေါင်းဆောင် မာမဒီ ဒွန်ဘောရာရဲ့ အထူးတပ်ဖွဲ့တွေဟာ သမ္မတနန်းတော်ကို ရုတ်တရက် ဝင်စီးပြီး သမ္မတ အယ်လ်ဖာကွန်ဒီကို ဖမ်းဆီးလိုက်ကြတယ်။ ကွန်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ သမ္မတဖြစ်ခဲ့ပြီး ဂီနီမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတကွန်ဒီဟာ နောက်ဆုံးမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ ရာထူးက မလှမပ ဖယ်ရှားခံလိုက်ရပါတယ်။ 

ဂီနီ အာဏာသိမ်းမှုဟာ အာဖရိကမှာ ဒီနှစ် (၂၀၂၁) အတွင်း ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဆူဒန်မှာ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်။ မေလတုန်းက မာလီမှာ စစ်သားတွေက ၁၀ လအတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းမှု ပြုလုပ်ခဲ့ကြတယ်။ ဒီအာဏာသိမ်းပွဲဟာ ချဒ်နိုင်ငံမှာ ဗိုလ်ချုပ်အိုင်ဒရစ်ဒီဘီက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါလီမန်ကို ရုတ်တရက် ဖျက်သိမ်းကာ အာဏာသိမ်းပြီး မရှေးမနှောင်းမှာ ဖြစ်ခဲ့တာပါ။ 

ဗဟို ဖလော်ရီဒါတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဂျိုနသန်ပါဝဲလ်ရဲ့ အဆိုအရ ၁၉၆၀ နဲ့ ၂၀၀၀ ပြည့်နှစ်ကြား အာဖရိကမှာ ပျမ်းမျှ တစ်နှစ် လေးကြိမ် အာဏာသိမ်းမှု ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးတွေ အားကောင်းလာပြီးတဲ့နောက် ၂၀၁၉ အထိ တစ်နှစ် ပျမ်းမျှ နှစ်ကြိမ်အထိ လျော့ကျသွားတယ်။ 

ခုတစ်ခါ အာဖရိကမှာ အာဏာသိမ်းပွဲတွေ ခေတ်ထလာပြန်တယ်။ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတောင် “အာဏာသိမ်း ကူးစက်ရောဂါ” (an epidemic of coup d'etats) ဖြစ်ပွားနေပြီလို့ ထုတ်ပြောရတဲ့အထိပဲ။ 

အာဖရိကမှာ ခုလို နိုင်ငံရေးမှာ စစ်ဘက်က ပါဝင်မှု တိုးပွားလာနေခြင်းဟာ ပြည်ပက တွန်းအားတွေ၊ ကိုယ်ကျိုးစီးပွား အဓိကထားတဲ့ နိုင်ငံတကာအုပ်စုအချို့နဲ့  အကျင့်ပျက် ခြစားမှု၊ မလုံခြုံမှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု စတဲ့ ပြည်တွင်းအကျပ်အတည်းပေါင်းစုံတွေကြောင့်လို့ သုတေသီတချို့က သုံးသပ်ကြတယ်။ 

ဂီနီမှာ စစ်တပ်က အာဏာသိမ်းတာဟာ သမ္မတကွန်ဒီရဲ့ လူထုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် လူထုဆန္ဒပြပွဲကတဆင့် ပေါ်ပေါက်လာတာလို့ ဆိုတယ်။ သူက သမ္မတ သက်တမ်းကို နှစ်ဆက်ထက် ကျော်လွန်ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့တယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဒွမ်ဘောရာက ဆင်းရဲနွမ်းပါးမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ မတန်တဆဖြစ်လာလို့ အာဏာသိမ်းရတာပါလို့ အကြောင်းပြတယ်။ 

Signal Risk က နိုင်ငံရေးသုတေသီ ရိုင်ယန်ကမ်းမင်းကတော့ “စစ်တပ်ဟာ လူထု မငြိမ်မသက်မှုတွေအပေါ် ဥပဒေနဲ့မညီတဲ့ အာဏာလုယူမှုအတွက် တရားမျှတတဲ့ အကြောင်းပြချက်အဖြစ် ကယ်တင်ရှင် နေရာကို ရယူတာဖြစ်တယ်” လို့ ဆိုတယ်။ 

ဘာကြောင့် အာဏာသိမ်းပွဲတွေကို ရဲရဲတင်းတင်း ပြုလုပ်နေကြသလဲ။ 

မာလီနဲ့ ဆူဒန် စစ်အာဏာသိမ်းမှု နှစ်ခုကိုကြည့်ရင် မာလီမှာ အကျင့်ပျက်ခြစားမှုတွေ၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနဲ့ အဘက်ဘက်က ဆိုးရွားလာတဲ့ အခြေအနေကြောင့် စစ်တပ်က အာဏာသိမ်းရတာလို့ ဆိုတယ်။ မာလီ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မှူးကြီး ဂွိုင်တာက ပထမပိုင်းမှာ စစ်ဘက်-အရပ်ဘက် ကြားဖြတ်ကောင်စီ ဖွဲ့စည်းပြီး ကြားကာလပြီးဆုံးရင် အရပ်ဘက်ကို အာဏာပြန်လွှဲပေးမယ်လို့ ၂၀၂၀ ပထမ အာဏာသိမ်းစဉ်က သဘောတူခဲ့တယ်။ 

ပြီးခဲ့တဲ့မေလမှာတော့ ဂွိုင်တာဟာ ကြားဖြတ်ကောင်စီရဲ့ အရပ်ဘက်သမ္မတနဲ့ ဝန်ကြီးချုပ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကြားဖြတ်ကောင်စီမှာ စစ်ဘက်က ပုဂ္ဂိုလ်နှစ်ဦးကို အစားထိုးခဲ့တယ်။ ပြီးတော့ လာမယ့် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒီရွေးကောက်ပွဲကလည်း တကယ်ဖြစ်လာမယ်လို့ ဘယ်သူမှ မယုံကြည်ကြဘူး။ 

ဆူဒန်ဗိုလ်ချုပ် အက်ဘဒယ် ဖာတာ့ဘာဟန်ကတော့ အောက်တိုဘာ ၂၅ မှာ ဝန်ကြီးချုပ် အက်ဘဒယ်လာဟမ်ဒေါ့ကို ထိန်းသိမ်းလိုက်တယ်။ ပြည်သူတွေရဲ့ ဆန္ဒပြမှုနဲ့ နိုင်ငံတကာဖိ အားကြောင့် နောက်ပိုင်းမှာ ဟမ်ဒေါ့ကို ဝန်ကြီးချုပ်နေရာ ပြန်ပေးပေမယ့် ခုချိန်ထိ ဆူဒန်နိုင်ငံရေးဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေသေးတယ်။ 

အာဖရိက ယူနီယံနဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းက ဒီအာဏာသိမ်းနိုင်ငံ တွေကို စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ထိရောက်မှု သိပ်မရှိခဲ့ဘူး။ နိုင်ငံရေးသုတေသီ ကမ်းမင်းကတော့ အာဖရိကနဲ့ အနောက်အုပ်စု အဖွဲ့အစည်းတွေဟာ အာဏာလု နိုင်ငံများအပေါ် တုံ့ပြန်ရာမှာ “relatively toothless” ကြောက်စရာသိပ်မကောင်းခဲ့ဘူးလို့ ဆိုတယ်။ ခိုင်မာမှုနဲ့ စုစည်းညီညွတ်မှု မရှိတဲ့ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုတွေရယ် နိုင်ငံတချို့က အာဏာသိမ်းအုပ်စုနဲ့ ပူးပေါင်းလိုတဲ့ဆန္ဒ ရှိနေတာတွေရယ်ဟာ ဥပဒေမဲ့အာဏာရယူတဲ့ စစ်ခေါင်းဆောင်တွေအတွက် အားတက်စရာ ဖြစ်ခဲ့တယ်။ ဒေသတွင်းကရော ကမ္ဘာကပါ သူတို့ကို ပစ်ပယ်ထားလည်း ဆိုးရွားတဲ့ အကျိုးဆက်တွေ မခံစားရနိုင်ဘူးဆိုတာ စစ်ခေါင်းဆောင်တွေ သိနေတယ်။ 

အာဖရိကတိုက်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်မဟာမိတ် တရုတ်ဆိုရင် သူ့ရဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူနဲ့ ရေရှည်စီးပွားရေးဆက်ဆံမှု တစ်ခုတည်းအပေါ် အာရုံစိုက်ထားတဲ့ မူဝါဒကြောင့် အာဖရိက အာဏာရှင်ခေါင်းဆောင်တွေက သဘောကျကြတယ်။ ကမ္ဘာလုံး အနေအထားနဲ့ တရုတ်ရဲ့ စီးပွားရေးအောင်မြင်မှုတွေကြောင့် အနောက်အုပ်စုရဲ့ ဒီမိုကရေစီပုံစံ အုပ်ချုပ်မှုကို အားမကိုးလည်း ရတယ်ဆိုတဲ့ အယူအဆတွေ ရှိလာကြတယ်။

အလားတူ ရုရှားကလည်း အာဖရိကမှာ သူ့ရဲ့ စစ်ရေး၊ နိုင်ငံရေးဩဇာ ချဲ့ထွင်နေတယ်။ ရုရှားဟာ မာလီ စစ်ခေါင်းဆောင် ဂွိုင်တာနဲ့ ဆူဒန်စစ်ခေါင်းဆောင် အယ်လ်ဘာဟန်ကို ထောက်ခံ အားပေးနေတယ်။ အာဖရိကမှာ ရုရှားနဲ့ တရုတ်အဖို့ ဒီမိုကရေစီရေးထက် သူတို့ရဲ့ဆက်ဆံရေး ချဲ့ထွင်ဖို့ကို အဓိကထားတယ်။ 

စစ်အာဏာသိမ်းမှုတွေ ကမ္ဘာမှာ ဖြစ်နေတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံတွေမှာ မကြာခဏ မြင်နေရတယ်။ အာဏာသိမ်းမှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ။ အခြားသော ယူဆချက်တွေလိုပဲ လူမှုသိပ္ပံပညာရှင်တွေကတော့ “အာဏာသိမ်းမှု”ကို အများလက်ခံနိုင်တဲ့ သီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက် တခုတည်းနဲ့ ဖွင့်ဆိုဖို့ မလုံလောက်ဘူးလို့ ဆိုတယ်။ 

ဂျိုနသန်ပါဝဲလ်နဲ့ ကလေတန်သိုင်းနက်စ်တို့ကတော့ အာဏာသိမ်းမှုဆိုတာ “နိုင်ငံတော်​ရဲ့ အစိတ်အပိုင်းအတွင်းက စစ်တပ်၊ သို့မဟုတ် အခြားထိပ်တန်းခေါင်းဆောင်များက အခြေခံဥပဒေကို ဆန့်ကျင်ပြီး လက်ရှိ နိုင်ငံတော် အကြီးအကဲကို ဖယ်ရှားရန် သိသာထင်ရှားတဲ့ ကြိုးပမ်းအားထုတ်မှု” (an overt attempt by the military or other elites within the state apparatus to unseat the sitting head of state using unconstitutional means.) လို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ 

အာဏာသိမ်းခေါင်းဆောင်တွေဟာ အာဏာသိမ်းရခြင်းနဲ့ပတ်သက်ပြီး အကြောင်းပြချက် ပုံစံအမျိုးမျိုး ပေးတတ်ကြတယ်။ နိုင်ငံတွင်း အခြေအနေအရပ်ရပ် ဆိုးရွားလာနေလို့၊ အကျင့်ပျက် ခြစားမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေလို့၊ ဆူပူသောင်းကျန်း ဆန္ဒပြမှုတွေ ကြီးထွားလာနေလို့... စတဲ့ အကြောင်းပြချက်ပုံစံအမျိုးမျိုးပေးပြီး မိမိတို့ အာဏာသိမ်းမှု တရားဝင်ကြောင်း ပြောဆိုလေ့ ရှိကြတယ်။ 

ချစ်ဝင်းမောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013