
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်တိုက်နယ်စပ် ရပ်ကွက် ၂ စက်ရုံကြီးအနောက်ဘက်ကို ထိုင်းလုံခြုံရေးအဖွဲ့ ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူးနဲ့အတူ ဌာနဆိုင်ရာတွေက ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင် အထောက်အထားလက်မှတ်မရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ယောက်ထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဧပြီ ၂၄ ရက် မနက် ၆ နာရီအချိန်လောက် ဝင်ရောက်စစ်ဆေးရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ လောက်ကိုတွေ့ရှိခဲ့ပြီး စစ်ဆေးရာမှာ အထောက်အထား လက်မှတ်မရှိတဲ့ တရားမဝင် အလုပ်သမား ၁၀ ယောက်ထက်နည်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ တရားဝင်အထောက်အထားရှိလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းတာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေတဲ့နေရာမှာ မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးပြီး အတင်းအကျပ် ပို့ဆောင်တဲ့နေရာဆိုပြီး ထိုင်းသတင်းတွေမှာ ဖော်ပြနေတာကြောင့် ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးမိသူတွေကို ထိုင်းတရားဥပဒေအရ အရေးယူပြီး တာ့ခ်ခရိုင်လဝကမှတဆင့် မြန်မာဘက်ကို ပြည်နှင်ဒဏ်ပေးသွားမယ်လို့ သိရပါတယ်။










