DVB Logo
Home
မြန်မာသတင်း
ပွဲစား ပစ်ထားခဲ့သည့် မြန်မာများ ထိုင်းစစ်တပ်ကိုရှောင်ပြေးစဉ် အမျိုးသမီး ၁ ဦး တောင်ပေါ်မှ လိမ့်ကျ
DVB
·
January 24, 2022
ပွဲစား ပစ်ထားခဲ့သည့် မြန်မာများ ထိုင်းစစ်တပ်ကိုရှောင်ပြေးစဉ် အမျိုးသမီး ၁ ဦး တောင်ပေါ်မှ လိမ့်ကျ
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ ပွဲစားက တောထဲလာပစ်ထားတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ  ထိုင်းစစ်သားကိုမြင်လို့ ကစဉ့်ကလျားထွက်ပြေးကြရာမှာ အမျိုးသမီး တယောက် တောင်ပေါ်ကနေလိမ့်ကျပြီး ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့ခင်းပိုင်းက  အမှတ် ၃၅ ခြေမြန်တပ်ရင်းလက်အောက်ခံ ထိုင်းရဲ တပ်ဖွဲ့တွေဟာ နယ်စပ်လုံခြုံရေးနဲ့ ဥပဒေချိုးဖောက်မှုတွေ ကင်းလှည့်စစ်ဆေးစဉ် မယ်လမတ်မြို့ နယ် ဖရထတ်ကျေးရွာအုပ်စု ခွန်ဟွေ့နုတ်လဲရွာအနီးရှိ တောင်ခြေတောစပ်ထဲမှာ မသင်္ကာဖွယ်လူ တချို့တွေ့လို့ စစ်ဆေးဖို့သွားရောက်ခဲ့ကြောင်း၊  တာဝန်ရှိသူတွေကိုတွေ့တော့ အဆိုပါ လူတွေက ကစဉ့်ကလျားထွက်ပြေးခဲ့ကြတယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အစပိုင်းမှာ သုံးယောက်ကို အရင်ဖမ်းမိပြီး နောက်ကျေးရွာလုံခြုံရေးအဖွဲ့တွေဆီ အင်အားဖြည့် အကူအညီတောင်းပြီး လူစုခွဲလိုက်ဖမ်းရာက ကျား ၁၄ ယောက်  မ ၁၁ ယောက်ကို ဖမ်းမိခဲ့ကြောင်း၊ အဲဒီထဲက အမျိုးသမီး တယောက်က ပြေးရင်းလွှားရင်းနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး နာကျင်စွာအော်ဟစ်အကူအညီ တောင်းနေကြောင်း၊ သူ့မှာ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာရကာ လမ်းမလျှောက်နိုင်တာကြောင့် စစ်တပ်က သူ့ကိုထမ်းလာခဲ့ရကြောင်း၊ အချိန် ၁ နာရီကျော် တောင်တက်တောင်ဆင်းပြီးမှ  ဆေးရုံကိုပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး မြန်မာပြည်ကဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ဘတ် ၂ သောင်း မှ ၂ သောင်းခွဲအထိ ပေးခဲ့ရကာ ပွဲစားက တောထဲလာပစ်ထားစဉ် အဖမ်းခံခဲ့ရတာလို့ဆိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ် လုံခြုံမရှိတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေကြောင့် ထိုင်းနိုင်ငံထဲ နေ့စဉ် တရားမဝင် ဝင်ရောက်နေကြပြီး အဖမ်းဆီးခံရတာ၊ စစ်ဆေးရေးတွေ တိမ်းရှောင်ရင်း မတော်တဆထိခိုက်တာတွေ ကြုံနေကြရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်မှာ တရားမဝင်မြန်မာတွေတင်ဆောင်လာတဲ့ ဟိုင်းလပ်ကား ၁ စီး ၁၀ ဘီးကားနဲ့တိုက်မိပြီး ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာပြင်းစွာရကာ ထိုင်းယာဉ်မောင်းသမားမှာလည်း ယာဉ်တိုက်မှု၊ တရားမဝင်နိုင်ငံခြားသား တင်ဆောင်မှုတွေနဲ့ အဖမ်းခံထားရပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာဆိုရင် ဇန်နဝါရီ ၂၂ - ၂၃ ထိ မြို့နယ် ၂ ခု ကျေးရွာအုပ်စု ၅ ခုထဲကနေ ဖမ်းဆီးခံရတဲ့ တရားမဝင်မြန်မာ ၁၀၇ ဦး (ကျား ၆၆၊ မ ၄၁) ရှိကြောင်း၊ သူတို့တွေဟာ ဘုရားသုံးဆူ၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ထားဝယ် စတဲ့ဒေသကဖြစ်ပြီး ပွဲစားကို ၁ ဦးလျှင် ဘတ် ၁ သောင်းမှ ၂၇၀၀၀ ထိ ပေးခဲ့ရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင် ကော်လတ်မြို့နယ် မခမ်ဖုန်းအုပ်စုထဲမှာလည်း ၂၃ ရက်မနက်စောစောက တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၆ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းစစ်တပ်ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013