
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးခဲ့တယ်လို့ CDM-Syin တပ်ဖွဲ့ကနေ သိရပါတယ်။
တီးတိန်မြို့နယ် ဟိန်းဇံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မနက် ၂ နာရီလောက်က ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ၉ ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိသွားတယ်လို့ CDM-Syin တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ကလေးမြို့ကနေ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းအတိုင်း တက်လာကြပြီး ဟိန်းဇံရွာမှာ ညအိပ်တပ်စွဲချိန် ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Syin၊PDF Zoland၊CNA၊Kalay PDF3၊Kalay PDF8၊Kalay PDF9၊PDA၊Zongan Army နဲ့CDF-KKG2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
တီးတိန်မြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း ကား ၅ စီးကို ဒေသခံပူးပေါင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။