DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အိုမီခရွန်ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာသဖြင့် ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
DVB
·
January 18, 2022
မြန်မာတွင် အိုမီခရွန်ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာသဖြင့် ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၄၂ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ၁၁၈ ယောက်ထိ ရှိလာပြီးနောက် နိုင်ငံတွင်းမှာ အိုမီခရွန်ရောဂါပိုး အလျင်အမြန် ပျံ့နှံ့လာမှာကို ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်တကြီးရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ကိုဗစ် တတိယလှိုင်းတုန်းက သေဆုံးမှုနှုန်းကလည်း မြှင့်တက်ခဲ့တာကြောင့် ယခုထပ်မံကြုံတွေ့နေရတဲ့ ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန်ရောဂါပိုး ပျံ့နှံ့လာမှာကို ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းဆရာဝန်တဦးက “First wave မှာတုန်းက ဖြစ်တာနည်းတယ်နော်။ အဓိက ကတော့ control ထိန်းချုပ်မှုပိုင်းပေါ့။ ပြီးတော့ လူတွေကလည်း ပထမဆုံးအကြိမ်ဆိုတော့ ကြောက်ကြတာလည်း ပါမယ်ထင်တယ်။ စကားနားထောင်ကြတယ်လေ။ Second wave နဲ့ Third wave မှာ ကူးစက်မှုကလည်း များလာတယ်။ ဒီအပေါ် control လုပ်နိုင်သလားဆိုတော့ မလုပ်နိုင်ဘူးနော်။ တခါကူးစက်ခံရပြီးတဲ့နောက် ဘာတွေများ ပံ့ပိုးပေးနိုင်လဲဆိုရင် ဘာမှပံ့ပိုးမှု မရှိဘူး။ ဒါကြောင့် Second wave နဲ့ Third wave မှာ သေဆုံးမှုတွေ များခဲ့တယ်နော်။ အခု Fourth wave မှာ ဒါမျိုးဖြစ်နိုင်မလားဆိုတော့ တခေါက်နဲ့တခေါက်ကလည်း ဖြစ်ပုံချင်း မတူကြဘူးလေ။ ဘာလို့လဲဆို ဒီတခေါက်မှာလည်း ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာ တချက်ကြည့်ရဦးမယ်နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ကျရောက်ချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ စတင်ခဲ့တာပါ။ ဒါပေမဲ့ အစိုးရနဲ့ပြည်သူအကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့တာကြောင့် ပထမလှိုင်းကို ကောင်းစွာဖြတ်သန်းနိုင်ခဲ့ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဟာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို အကျိုးသက်ရောက်မှုရှိနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး အကူအညီပေးထာသလို ဆက်လက်အကူအညီပေးလိုတတာကြောင့် မိမိတို့နိုင်ငံရဲ့ ဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့  အကြောင်းကြား အသိပေးထားရှိပြီးပြီလို့ ပြောထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူတွေအတွက် မိသားစုဝင်တွေကိုယ်တိုင်က ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုစုစောင့်ရှောက်ခဲ့ရပြီး အာဏာသိမ်းစစ်တပ်ကတော့မသိကျိုးနွံ ပြုခဲ့တဲ့အပြင် ကိုဗစ်ကိုအကြောင်းပြုပြီး လူတွေနေ့စဉ် ထောင်ချီသေဆုံးခဲ့ပါတယ်။

ကိုဗစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တဦးက “ကိုယ့်မိသားစုဝင်ထဲမှာ ကိုဗစ်ဖြစ်လို့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ဆိုတာက ဘာကုသရေးစင်တာမျှ မရှိဘူးနော်။ အိမ်မှာ ကိုယ့်ဘာသာ ပြုစုရတယ်။ အဆိုးဆုံးကတော့ လူနာအတွက် အောက်ဆီဂျင်အိုးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာဖွေတာကို မရအောင် ယုတ်မာပြီး ကန့်သတ်ချုပ်ချယ်ထားတယ်။ ကားပေါ်မှာ အောက်ဆီဂျင်အိုးတွေ့ရင် ဖမ်းတယ်။ အောက်ဆီဂျင်ဖြည့်ပေးတဲ့စက်ရုံတွေကို ဖိအားပေးတယ်။ ပိုဆိုးတာက ကိုဗစ်ကြောင့် အသက်ဆုံးရှုံးသွားတဲ့ သူတွေ။ သူတို့ ရဲ့နောက်ဆုံးခရီးကိုတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်လို့မရအောင် လုပ်ထားတာနော်” လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ  အိုမီခရွန် ရောဂါပိုးတွေ့ရှိသူ ၄၂ ယောက် ထပ်မံတွေ့ရှိတဲ့အနက် မြန်မာနိုင်ငံသား ၃၆  ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက်တို့ဟာ ကယ်ဆယ်ရေး လေယာဉ်(Relief Flight) နဲ့ ဝင်ရောက်လာသူတွေလို့ သိရပါတယ်။

ဒီအထဲမှာ အိန္ဒိယနိုင်ငံမှ ၂၁  ဦး၊ မလေးရှားနိုင်ငံမှ  ၁၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၄ ဦး၊ ထိုင်းနိုင်ငံမှ  ၃  ဦး၊ ယူအေအီးနိုင်ငံမှ ၁ ဦးနဲ့ စင်ကာပူနိုင်ငံမှ ၁  ဦး စုစုပေါင်း ၄၂ ဦးရှိပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်သံသယရှိသူပေါင်း ၆ သန်းကျော်ကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲခန်းအတည်ပြုလူနာပေါင်း ၅ သိန်းကျော် ဆေးရုံဆင်းခွင့်ရသူ ၅ သိန်းကျော် သေဆုံးသူ ၁၉,၃၀၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013