DVB Logo
Home
မြန်မာသတင်း
ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို ဖွင့်လှစ်ရန် တရုတ်ဘက်ခြမ်းက တဖက်သတ် စီစဉ်နေ
DVB
·
January 18, 2022
ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို ဖွင့်လှစ်ရန် တရုတ်ဘက်ခြမ်းက တဖက်သတ် စီစဉ်နေ
Donate to DVB

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အဓိကကုန်သွယ်ရာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ကို တရုတ်နှစ်သစ်ကူးပြီးနောက် ပြန်လည်ဖွင့်လှစ်ဖို့ တဖက်သတ်စီစဉ်နေကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“နှစ်သစ်ကူးပြီးရင် ဖွင့်မယ်လို့ ပြောတယ်။ ဆေးဖျန်းတာတွေ လုပ်ပြီး ပြင်ဆင်နေပြီ။ လိုအပ်တဲ့ အဆောက်အအုံတွေလည်း ဆောက်နေပြီ” လို့ တရုတ်ဘက်ခြမ်းနေထိုင်တဲ့ မြန်မာလုပ်ငန်းရှင် တဦးက ပြောပါတယ်။

မြန်မာဘက်ခြမ်းကိုတော့ ကျယ်ဂေါင်-မန့်ဝိန်း နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက် ပြန်လည်ဖွင့်လှစ်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဘာမှအကြောင်းကြား ပြောဆိုလာခြင်းတော့ မရှိဘူးလို့ နယ်စပ်ကုန်သွယ် ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာ့-တရုတ် ပို့ကုန်ရဲ့ ရာခိုင်နှုန်း အများဆုံးတင်ပို့တဲ့ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာ ဂိတ် တခုဖြစ်တဲ့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ကို ကိုဗစ်အကြောင်းပြချက်နဲ့ ၉ လနီးပါးကြာ ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုလုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေပါ ခက်ခဲဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။

“ပိတ်မိနေတဲ့ ကုန်တွေက ထုတ်လို့မရသေးဘူး။ ဖွင့်မယ်လို့တော့ ပြောတယ်။ ဒီတရုတ် နှစ်သစ်ကူးပြီးရင် ဖွင့်မယ်လို့တော့ ကြားရတယ်။ ဂိတ်ကတော့ မဖွင့်လို့ မရဘူး။ သူတို့ဘက်လည်း မဖွင့်လို့ အခက်အခဲ ဖြစ်နေပြီ” လို့ ရွှေလီရောက် မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် တရုတ်ဘက်ခြမ်းက နယ်စပ်ကို မှီခိုလုပ်ကိုင်နေသူတွေအနေနဲ့ တရုတ်အစိုးရကို တင်ပြထားသလို မြန်မာဘက်က လုပ်ငန်းရှင်တွေလည်း သက်ဆိုင်ရာကိုတင်ပြထားပြီး မြန်ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ကောင်စစ်ဝန်ရုံးကနေတဆင့် ပြည်ပ ဆက်ဆံရေးဌာနနဲ့ ညှိနှိုင်းဆွေးနွေး ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ နှစ်နိုင်ငံ ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။

ကျယ်ဂေါင်လည်း ကားဂိုဒေါင်တွေ သံပြားတွေနဲ့ကာပြီး လုပ်နေပြီလို့ နောက်ထပ် ကုန်သည်တစ်ဦးက ပြောပါတယ်။

တရားဝင် ကြေညာထားတာ ‌မရှိကြောင်း မူဆယ်၊ မန့်ဝိန်း-ကျယ်ဂေါင် ဂိတ်ဖွင့်ဖို့နဲ့ ပတ်သက်ပြီး ဘာမှမကြားရသေးကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အတွေ့အကြုံအရဆို ကရိန်းတွေ ဘာတွေဆင်ထားတော့ ကွန်တိန်နာလည်း ဖြစ်နိုင်တာပဲ” လို့ ကုန်ဂိတ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ကျင်စန်းကျော့လို ဂိတ်ဖွင့်ပေမယ့် ကုန်ကျစရိတ် အဆမတန် မြင့်မားမှာ စိုးရိမ်နေကြပြီး မြန်မာဘက်က သက်ဆိုင်ရာ လူကြီးများအနေနဲ့ တိတိကျကျ ကြိုတင်ညှိနှိုင်း သတ်မှတ်စေလိုတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျင်စန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်မှာ မြန်မာနဲ့တရုတ် နယ်စပ်အကူး ခေါက်တိုကားခတင် မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနေကြရပြီး အခွန်အခ၊ လမ်းကြေး၊ ဆက်ကြေး၊ တရားဝင်တာရော မဝင်တာရော ကျင်စန်းကျော့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ မြန်မာငွေ ၁၆ သိန်းနဲ့ အထက် ကုန်ကျနေတာကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာကာ ကုန်သည်လုပ်ငန်းရှင်တွေအပြင် စားသုံးသူတွေပါ ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013