
မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်နဲ့ ကနင်ကမော့ကျေးရွာကြားမှာ လေးကေ့ကော်သွားမယ့် စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ရန်နိုင်က ဒီဗွီဘီကို ပြောပါတယ်။
ထားဝယ်ကနေ ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြောက်ပိုင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၂ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ လည်း ပြောပါတယ်။
ထားဝယ်ကနေ ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီးလောက်ဟာ ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ ရေးမြို့နယ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ရေးကနေ မော်လမြိုင်သို့ လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့လိုက်ရတာပါ။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက်ကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြောက်ပိုင်းအဖွဲ့ဟာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။