DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံး
DVB
·
January 6, 2022
ကယားပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံး
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးမှာ ဇန်နဝါရီ ၆ ရက် ဒီကနေ့ မနက်အစာပိုင်းက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းတခုကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ယောက်အပါအဝင် အနည်းဆုံး  ၁၅ ယောက် သေဆုံးခဲ့ကြောင်း KNDF B-03 က ထုတ်ပြန်ပါတယ်။

ကယန်းသာယာလမ်းခွ စစ်ကောင်စီကင်းပုန်းစခန်းကို  KNDF B02၊ B03၊ အရှေ့ဘက်ကမ်း PDF သုံးဖွဲ့ပေါင်းစစ်‌ဆင်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါကင်းပုန်းကို မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်တွင်းနီးစပ်သူတဦးရဲ့ ပြောဆိုချက်အရ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃ ပွင်းနဲ့ အရာရှိနှစ်ယောက်အပါအဝင် ၁၇ ဦးသေဆုံးတယ်လို့ ပြောပါတယ်။

အလားတူပဲ လွိုင်ကော်အမြို့အထွက် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင် လမ်းကြောင်းတွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၉ တို့အကြား ဒီကနေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မွန်းလွဲပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီဘက်က အမြောက်တပ်နဲ့ ၄၂၇ တပ်ကနေ အမြောက်လက်နက်ကြီးတွေနဲ့ ၆ မိုင်ကျေးရွာအုပ်စုဘက်ကို ဆက်တိုက်ပစ်ခတ်နေသလို လွိုင်ကော်ကနေ စစ်ကားနဲ့ တင့်ကားတွေအသုံးပြု စစ်ကူပို့ဆောင်နေတယ်လို့ KNDF တပ်ရင်း ၉က တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ဖိပြီးမှ ကျနော်တို့ကို တိုက်ခိုက်နေပါတယ်။ သူတို့ စစ်ကူအင်အားအနေနဲ့ စစ်ကား ၂ စီးရယ်၊ တင့်ကား ၁ စီးရယ် ထပ်ရောက်ရှိလာတာပေါ့နော်။ သူတို့က စစ်ကြောင်းနှစ်ကြောင်းနဲ့ ပန်ကန်းဒေါဖိုးစီကနေ တစ်ကြောင်းရယ်၊ ၆ မိုင်တောင်ဘက်ကနေ တစ်ကြောင်းရယ် ထိုးလာတယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၆ မိုင်ရွာထဲကျပြီး နေအိမ်တချို့ မီးလောင်သွားသလို၊ လမ်းသွားလမ်း ကားတစီးကို မီးရှို့သွားကြောင်းလည်း KNDF တပ်ရင်း ၉ တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကြီးကျပြီး မီးလောင်သွားတာ။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျတယ်။ သူတို့ ကားတစီးကိုလည်း မီးရှို့သွားတယ်။ လမ်းသွားလမ်းလာ ပျက်နေတဲ့ကားကို မီးရှို့သွားတာ။ လူမပါသွားဘူဗျာ။”

ဒီတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု မသိရသေးပါဘူး။ မွန်းလွဲပိုင်းမှာလည်း လွိုင်ကော်မြို့ခံတွေ သေနတ်သံတွေ ကြားနေရတာကြောင့် အပြင်မထွက်ရဲဘဲ ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ် နေရာအနှံ့မှာ အခုရက်ပိုင်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် လူဦးရေ ၁ သိန်းခွဲလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးဒုက္ခသည်တွေအတွက် အစားသောက်၊ ဆေးဝါး၊ ရေနဲ့ အနွေးထည်အကူအညီတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013