DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် ရဲတိုက်နှင့် လူမင်းတို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
DVB
·
December 30, 2021
သရုပ်ဆောင် ရဲတိုက်နှင့် လူမင်းတို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
Donate to DVB

သရုပ်ဆောင် ရဲတိုက်နဲ့ လူမင်းတို့ကို ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ပြီး တခြားနာမည်ကြီး အနုပညာရှင်တွေကိုလည်း ပြစ်ဒဏ်တွေချမှတ်သွားဖို့ ရှိနေပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ အစွဲခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်နဲ့ လူမင်းတို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာပါ။ 

ချုပ်ရက်တွေ လျှော့ပေါ့ခံစားခွင့်ရတဲ့အတွက် သရုပ်ဆောင်ရဲတိုက်ဟာ စုစုပေါင်း ၂ နှစ်နဲ့ ၄ လနီးပါး ပြစ်ဒဏ်ခံရမှာဖြစ်ပြီး မရမ်းကုန်းမြို့နယ်ရဲစခန်းက စွဲဆိုထားတဲ့အမှုကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ 

သရုပ်ဆောင်လူမင်းကိုလည်း ရဲတိုက်နဲ့ တရက်တည်းမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး တခြားနာမည်ကြီးအနုပညာရှင်တွေကိုလည်း ဒီဇင်ဘာ ၃၀ ရက်နေ့က ရုံးထုတ်လာတာတွေ့ရတယ်လို့ ရဲတိုက်ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"ကိုလူမင်းနဲ့ ကိုရဲတိုက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃နှစ်ပေါ့။ ချုပ်ရက်ကတော့ ပြစ်ဒဏ်ကနေ ထုတ်နုတ်ခံစားခွင့်ပြုတဲ့အတွက် ကိုရဲတိုက်က စုစုပေါင်း ၂ နှစ်နဲ့ ၄ လနီးပါး ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။ ကိုရဲတိုက်အမှုက ဒီနေ့ စွဲချက်အမိန့်ချတယ်။ ကိုရဲတိုက်နဲ့ သူ့ဘက်က သက်သေ ၃ ယောက်ကို စစ်တယ်။ စစ်ပြီးတော့ အပြီးသတ်လျှောက်လဲချက်တင်ပြီးတော့ အပြီးသတ်အမိန့်ချလိုက်တာပေါ့။ မရမ်းကုန်းက စွဲထားတဲ့ မူးယစ်အမှုကတော့ ဇန်နဝါရီလ ၁၂ ရက်နေ့ကို ချိန်းထားတယ်။ ကိုလူမင်းကတော့ အထူးတရားရုံးထဲက ညွှန်ကြားရေးမှူးချုပ်ရုံးဘက်က သီးခြားရုံးမှာ အမိန့်ချတာ။ တခြားနာမည်ကြီးတွေလည်း ပြစ်ဒဏ်ချမယ်ထင်တယ်။ ဒီနေ့အကုန်လုံး ရုံးထုတ်လာတာတွေ့တယ်။ ပြေတီဦးတို့၊ ပိုပိုတို့၊ ဝင်းမင်းသန်းတို့ သူတို့လည်း အကုန်လုံးထုတ်ထားတာ တွေ့တယ်။"

သရုပ်ဆောင်ပိုင်တံခွန်ကိုတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။ 

နာမည်ကျော် ပရဟိတသမား စာရေးဆရာမ သန်းမြင့်အောင်ကိုလည်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။ 

ဒီလို နာမည်ကျော်အနုပညာရှင်တွေကို  ထောင်ဒဏ်တွေ ဆက်တိုက်ချနေတာဟာ ပြစ်မှုထင်ရှားတယ်ဆိုရင်တောင် အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့တာ သဘာဝမကျဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

"ပြစ်မှုထင်ရှားတယ်လို့ ဆိုသည့်တိုင်အောင်ပဲ ပြစ်မှုနဲ့ပြစ်ဒဏ်မျှတဖို့ လိုတာပေါ့။ ဆန္ဒပြတာလေးပါဝင်ရုံနဲ့ ထောင်ဒဏ်သုံးနှစ်ဆိုတာတော့ သိပ်သဘာဝမကျဘူး။ နိုင်ငံရေးဆန်ဆန်ဆောင်ရွက်ခဲ့ကြတယ်ဆိုရင်တော့ တမျိုးပေါ့။ အနုပညာရှင်တွေက ပြည်သူနဲ့တသားတည်း ရှိတယ်ဆိုပြီး ဝန်းရံမှုလုပ်တာ၊ အဲ့ဒီအပေါ်မှာ ပြစ်ဒဏ်ကို အဆုံးထိချတာ နည်းနည်းများတယ်လို့ ပြောလို့ရတာပေါ့။ တခြားတော့ပြောစရာမရှိပါဘူး။"

ဦးနှောက်ကျုံ့ဝေဒနာကြောင့် အင်းစိန်ထောင်တွင်းတရားခွင်မှာ မေ့လဲခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ရုံးချိန်းခေါ်ပြီး အမှုစစ်ခဲ့တာဖြစ်ပါတယ်။ ရဲတိုက်ကို လသာမြို့မရဲစခန်းကစွဲဆိုထားတဲ့ ၅၀၅(က) အမှုကို အထက်အမိန့်ကြောင့် တရားသူကြီးနဲ့ ဥပဒေအရာရှိက ဆက်တိုက်စစ်ဆေးခဲ့တာပါ။ 

သရုပ်ဆောင်ရဲတိုက်လိုပဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ ဆယ်လီ ဝင်းမင်းသန်းတို့ရဲ့အမှုတွေကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးမှာ နေ့စဉ်ဆက်တိုက်စစ်ဆေးခဲ့တာပါ။ 

မူလက မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေး မှတ်တမ်းတွေအတိုင်း မဆောင်ရွက်ဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အသစ်နဲ့ အနုပညာရှင်တွေကို ထောင်မြန်မြန်ချနိုင်အောင် အမှုမြန်မြန်စစ်ခဲ့တာလို့ ရှေ့နေဦးခင်မောင်မြင့်က ဝေဖန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013