DVB Logo
Home
မြန်မာသတင်း
NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုး၊ မြန်မာ့အရေးကူညီရန် အခွင့်အလမ်းပေါ်လာဟု NUG ပြော
DVB
·
December 28, 2021
NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုး၊ မြန်မာ့အရေးကူညီရန် အခွင့်အလမ်းပေါ်လာဟု NUG ပြော
Donate to DVB

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို မဟာဗျူဟာကျ အကူအညီပေးနိုင်မယ့် အခွင့်အလမ်းတွေပေါ်ပေါက်လာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးက  ပြောပါတယ်။ 

အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု သဘောတူထားပြီဖြစ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၇ ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် ဥပဒေ တရပ် ဖြစ်လာပါပြီ။

ဒီဥပဒေအရ မြန်မာအာဏာဏာသိမ်း စစ်ကောင်စီကိုအရေးယူဖို့၊ NUG ကို တရားဝင်အစိုး ရအဖြစ်သတ်မှတ်ဖို့၊ တရုတ်နဲ့ရုရှားတို့ရဲ့ခြေလှမ်းတွေကို အမေရိကန်က မဟာဗျူဟာနည်းကျတုံ့ပြန်ဖို့  အလားအလာကောင်းတွေ ရှိလာတယ်လို့ဆိုပါတယ်။ 

NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးက "အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ဘာ အကျိုးရှိမလဲလို့ စဉ်းစားတဲ့အခါမှာ ဒီဥပဒေကို ပြင်ဆင်ချက်အနေနဲ့ပြဋ္ဌာန်းခဲ့တဲ့ကိစ္စတွေရှိပါတယ်။ အဲ့ဒီအထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဖြစ်ဖို့ အမေရိကန်အစိုးရက ဘာတွေဆောင်ရွက်သလဲ။ နောက်တစ်ခါ CDM နဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ဘာတွေကူညီထောက်ပံ့သလဲ။ ပြီးတော့ စစ်ကောင်စီကို တရားဝင်မှုမရှိအောင်ငြင်းပယ်ဖို့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့စတဲ့ကိစ္စတွေ၊ တရုတ်တို့ရုရှားတို့ရဲ့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့ မဟာဗျူဟာကျကျ ဘာတွေဆောင်ရွက်နေတာလဲပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်ဖို့ ဗျူဟာတွေကို စဉ်းစားထားတာရှိသလဲ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၆၀ အတွင်းမှာ အမေရိကန်အစိုးရရဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေပြီးတော့မှ လွှတ်တော်ကို အစီရင်ခံရမယ်။ ရက်ပေါင်း ၆၀အတွင်းမှာ အမေရိကန်ဝန်ကြီးဌာနတွေက အမျိုးသားညီညွတ်ရေး အစိုးရကို ဘာတွေကူညီဆောင်ရွက်မလဲ။ ကျနော်တို့ရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြှင့်တင်ပေးမလဲ။ အဲ့ဒါတွေကို သေသေချာချာစဉ်းစားပြီးတော့ ရက်ပေါင်း ၆၀အတွင်းမှာ လွှတ်တော်ကို ဘယ်ကိစ္စတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးထားတာရှိပါတယ်ဆိုပြီးတော့ အစီအရင်ခံမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေကို အကျိုးရှိတဲ့ အချက်တွေပါဝင်ပါတယ်။"လို့ပြောပါတယ်။

အမေရိကန်အစိုးရက ဒီဥပဒေနဲ့ပတ်သက်တဲ့ လွှတ်တော်က တောင်းယူထား တဲ့အချက်အလက်တွေကို တင်ပြပြီးရင် လုပ်ငန်းစဉ်တွေစတင်အသက်ဝင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်စနစ်အသက်ဝင်လာရေး၊ စစ်တပ်နဲ့ထောက်တိုင်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့အတွက်လည်း အမေရိကန်အစိုးရက  ပိုပြီးအားစိုက်ဆောင်ရွက်လာဖို့ရှိနေပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး အမေရိကန် Carleton ကောလိပ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာထွန်းမြင့်က "မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အချက် ၂ ခုပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ရေးထားတဲ့အချက်အလက်တွေ မေးခွန်းတွေ မေးထားတာတွေရှိပါတယ်။ အဲ့ဒါတွေကို ဆက်လက်ပြီးတော့ အဖြေတိတိကျကျရဖို့ရာအတွက် သူတို့ စုဆောင်းနေပါပြီ။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတွေအားလုံးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးလုပ်ငန်း၊ စစ်တပ်မိသားစုဝင်အားလုံးရဲ့စီးပွားရေးတွေ၊ ပြီးတော့ သူတို့ရဲ့အာဏာရှင်စနစ်ကို ရေရှည်တည်တံ့အောင် ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေကို တိတိကျကျ စီးပွားရေးအရပိတ်ဆို့မှုတွေလုပ်ဖို့ မေးထားတဲ့ မေးခွန်းတွေပါပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းဖြစ်စဉ်ဟာ အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ်ရေးကိုပါ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့အစည်း အာဆီယံတို့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေမယ့် အရာမထင်ဖြစ်နေပါတယ်။

တရုတ်နဲ့ရုရှားတို့ရဲ့မဟာဗျူဟာကျဆောင်ရွက်ချက်တွေကြောင့် အမေရိကန်အစိုးရက အမေရိကန်  အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA ကို အလျင်အမြန် အတည်ပြုရတဲ့အထိ အကျိုးသက်ရောက်မှုလည်းရှိလာပါတယ်။ 

ကုလရဲ့လုပ်ငန်းစဉ်တွေအရ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေက မထိန်းနိုင်မှ နိုင်ငံတကာက ပါဝင်ပတ်သက်ဖို့ ရှိနေတာပါ။ အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံတကာဖိအားတွေရှိနေပေမယ့် သူတို့ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

PHOTO-WHITE HOUSE 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013