DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မြဝတီစစ်ရှောင် ၁ သောင်းကျော် စားဝတ်နေရေး ခက်ခဲလာ
DVB
·
December 26, 2021
တိုက်ပွဲကြောင့် မြဝတီစစ်ရှောင် ၁ သောင်းကျော် စားဝတ်နေရေး ခက်ခဲလာ
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီတပ် နဲ့ KNLA နှစ်ဘက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ သောင်းကျော်အထိ ရှိလာနေပြီး  ခိုလှုံရက် ကြာမြင့်လာတာနဲ့အမျှ စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲဖြစ်လာနေပြီလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတာကြောင့်  မြဝတီမြို့က စစ်ရှောင်ပြည်သူတချို့ဟာ   အိမ်မပြန်ရဲကြသေးတဲ့အတွက် သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းဘက်ခြမ်းတို့မှာ စစ်ရှောင်စခန်းတချို့မှာ ခိုလှုံနေကြတာဖြစ်ပြီး စားရေး နေရေး အခက်ခဲရှိလာနေတာပါ။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဦးဇောတိက ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် ၁၀၉ ဦးဟာလည်း  ကျောင်းမှာရှိတဲ့ အလှူပစ္စည်းတွေနဲ့ စားသောက်နေရပြီး လာမယ့်ရက်တွေမှာ ရိက္ခာပြတ်လပ်ပြီး အခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။

ဦးဇင်း ဦးဇောတိက  “မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ စစ်ရှောင်ပြည်သူတွေက ထိုင်းဘက်ခြမ်းကို စစ်ရှောင်သွားကြသလို မြန်မာနိုင်ငံမှာ မိမိနဲ့ နီးစပ်တဲ့ ပြည်တွင်းမှာလည်း စစ်ရှောင်ကြတယ်။ အခု မြဝတီမြို့ရဲ့ တောင်ဘက်မှာက အနေအထားက နည်းနည်းပိုဆိုးလာတယ်။ ဒီနေ့ဆိုရင် အသံတွေ ကြားနေရတော့ ပြည်သူတွေက ဒီဘက်ကို ပြန်ပြောင်းရွှေ့ချင်ကြတော့ သက်ဆိုင်ရာကနေ ဘုန်းဘုန်းဆီမှာ ဒီနေရာမှာ ထားချင်တယ်ဆိုပြီး လာလျှောက်ထားလို့ သက်ဆိုင်ရာကလည်း သိမယ်၊ ရပ်ကွက်ကလည်း ခွင့်ပြုမယ်ဆိုရင် ဘုန်းဘုန်းကလည်း ငြင်းစရာမရှိပါဘူး။ ဒီနေရာကို ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို အားလုံး အေးအေးချမ်းချမ်းနဲ့ ဘုန်းဘုန်းက ကူညီစောင့်ရှောက်ထားပါတယ်။ ရောက်လာတဲ့ ပြည်သူတွေကို စားဝတ်နေရေး အဆင်ပြေအောင် ဘုန်းဘုန်းတို့က ကူညီဆောင်ရွက်ပေးမယ်။ လူတွေကတော့ အရမ်းများတယ်။ ကျောတချပ်စာ ရရင် နေလို့ရပါတယ်ဆိုလည်း ဘုန်းဘုန်းတို့က နေလို့ရအောင် ဆောင်ရွက်ပေးနေပါတယ်” လို့ မိန့်ပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ထွက်ပြေးလာတာဖြစ်ပြီး စားဖို့၊ နေဖို့နဲ့ လုံခြုံအောင် ကူညီပေးစေချင်တယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

“စစ်ရှောင်လာတာ။ သူတို့က ပစ်ကြတယ်။ အလုံးကြီး အလုံးသေးတွေ ပစ်တယ်။ အိမ်ခေါင်မိုးပေါ်ကနေ ကျည်ဆန်တွေ သွားတယ်။ ကျည်ဆန်တွေ ကျတော့လည်း ကိုယ့်ခေါင်းရင်းမှာ လာကျသလိုပဲ မြေကြီးပါ တုန်တယ်။ ၁၆ ရက်နေ့က နည်းနည်းတော်သေးတယ်။ နောက်နေ့တွေ အတော်ဆိုးလာတယ်။ ဒီလိုအချိန်တွေဆို ပစ်နေပြီ။ ကျမတို့ မနေရဲတော့လို့ ထွက်လာတာ။ ကျမတို့နဲ့ခင်တဲ့ အစ်မတွေက ဒီမှာ ရှိနေတော့ သူတို့ကို အကူအညီတောင်းပြီး ကျမတို့ ဒီကျောင်းကို ရောက်လာတာ။ အခု မပြန်ရဲသေးဘူး။ ကိုယ်က စားစရာလည်း မရှိ၊ နေတာကလည်း တဲပုတ်နဲ့ဆိုတော့ ပြန်ရင် ကျည်ဆန်မှန်ပြီး သေမလား၊ ငတ်ပြီး သေမလား မသိဘူး။ ကလေးတွေလည်း ပါတော့ စားဖို့နဲ့ နေဖို့ လုံခြုံအောင်လို့ ကူညီပေးစေချင်တယ်” လို့ ပြောပါတယ်။

မြဝတီမြို့တောင်ဘက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က မြေပြင်နဲ့ ဝေဟင်တွေက  တိုက်ခိုက်တာကြောင့် တောင်ယာနဲ့ စိုက်ခင်းတချို့ ပျက်စီးတာတွေရှိပြီး ဒေသခံတွေလည်း   မြဝတီမြို့ သောင်ရင်းမြစ်နဘေး နဲ့ ထိုင်းနိုင်ငံဘက်ခြမ်း ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာ ၁၂၀၀၀ ကျော် ရှိနေပြီလို့  မြဝတီခရိုင် ခလူးတိုက်နယ်အုပ်စုဥက္ကဋ္ဌဟောင်းက  အတည်ပြုပြောပါတယ်။

ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်ပြည်သူတဦးက “နေမကောင်းဖြစ်နေတာ။ မေတ္တာရိပ်မြုံကနေ စစ်ပြေးလာတာ။ အဲဒီဘက်မှာ တညလုံး တနေ့လုံး ပစ်နေတော့ မနေရဲတော့လို့ ဒီဘက်ကို ပြေးလာတာ။ ဒီဘက်မှာတော့ လုံခြုံတယ်လို့ ထင်တယ်။ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013