ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသက ပလိပ်ရောဂါ သုတေသနဌာနမှာ ဝန်ထမ်းတယောက် သေဆုံးပြီး လူ ၂၀၀ နီးပါး သီးခြားကန့်သတ် စောင့်ကြည့်မှု (quarantine) လုပ်ထားတဲ့အချိန်မှာ အမေရိကန်က ရုရှားကို ကူညီမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က အောက်တိုဘာ ၅ ရက် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့တော့ မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသူဟာ အီယာကွတ်စ် ပလိပ်ရောဂါ သုတေသနဌာနက အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းဝန်ထမ်း ဒါရ်ယာ ရှီပီလိုဗာ ဖြစ်ပါတယ်။
ရုရှားကျန်းမာရေးအာဏာပိုင်တွေက သူဟာ အကြောင်းရင်း မသိရသေးတဲ့ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ပလိပ်ရောဂါပိုးနဲ့ ဆက်စပ်တဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူနဲ့ထိတွေ့ခဲ့သူ လူ ၂၀၀ နီးပါးကို သီးခြားခွဲထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်နေပါတယ်။
လက်ရှိအချိန်အထိ ဒီဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ နောက်ထပ်သေဆုံးမှု ဒါမှမဟုတ် ပလိပ်ရောဂါကူးစက်မှု မတွေ့ရသေးဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။
“သူတို့ ဒီလိုဖြစ်နေတာကို မြင်ရတာ စိတ်မကောင်းပါဘူး၊ ဒါက အတော်ပြင်းထန်တဲ့ ရောဂါပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က ပိုးမွှားတွေဟာ အရင်ကထက် ပိုခံနိုင်ရည်ရှိလာတယ်လို့လည်း ပြောပြီး “ကျနော်တို့ ကူညီပါမယ်၊ ဒီလိုပြဿနာရှိတဲ့ ဘယ်သူ့ကိုမဆို အမြဲကူညီမှာပါ” လို့ ဆိုပါတယ်။
အမေရိကန် အိမ်ဖြူတော်နဲ့ ကျန်းမာရေး၊ နိုင်ငံခြားရေးဌာနတွေကလည်း ရုရှားက အခြေအနေကို စောင့်ကြည့်နေပါတယ်။










