
စစ်အာဏာသိမ်းမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တယောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်း ဒီအခြေအနေကို သိရှိသူ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Independent သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို လက်ရှိမှာ ရန်ကုန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတခုကို ဦးစီးလုပ်ကိုင်နေတဲ့ အဒမ်ကက်စတီလိုဟာ မြန်မာနိုင်ငံကို ပြန်ရောက်လာချိန် ဇွန် ၁၁ ရက်က ထိန်းသိမ်းခံလိုက်ရတာလို့ ဒီအခြေအနေကို သိရှိသူတယောက်က ပြောပါတယ်။
အမေရိကန်ရေတပ်သားဟောင်းလည်း ဖြစ်တဲ့ ကက်စတီလိုဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့ကို အကြံပေးမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့နှစ်ကလည်း အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကထွက်ရှိတဲ့ မြေရှားသတ္တုတွေ အမေရိကန်က တိုက်ရိုက်ဝယ်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး အနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ဖို့ အမေရိကန်အစိုးရအရာရှိတွေကို အကြံပြုတင်ပြခဲ့ဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ “ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ရတာကြောင့်” မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
ကက်စတီလိုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံမှာ သူ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေအကြောင်းကို “Finding Our Voice” အမည်ရတဲ့ စာအုပ်တအုပ် ရေးသားခဲ့တာပါ။
သူဟာ မကြာသေးမီက အဆိုပါစာအုပ်ကို မိတ်ဆက်မြှင့်တင်ဖို့အတွက် အမေရိကန် အပါအဝင် နိုင်ငံအများအပြားကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်အဝင်မှာ ဖမ်းဆီးခံရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်က အဒမ်ကက်စတီလိုကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
Source: Independent











