DVB Logo
Home
မြန်မာသတင်း
စစ်မီးဒဏ်သင့် ဘုရားကျောင်းများနှင့် အိုးအိမ်စွန့်ခွာပြည်သူများ၏ ခရစ္စမတ်
DVB
·
December 23, 2021
စစ်မီးဒဏ်သင့် ဘုရားကျောင်းများနှင့် အိုးအိမ်စွန့်ခွာပြည်သူများ၏ ခရစ္စမတ်
Donate to DVB

စစ်ကောင်စီတပ်တွေက ခရစ်ယာန်ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာကြောင့်  ဒီနှစ်ခရစ္စမတ်ပွဲတော်ကို  မိမိတို့ သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ ကျင်းပခွင့်မရနိုင်တော့တဲ့အတွက်  ခရစ်ယာန်ဘာသာ၀င်တွေ စိတ်ထိခိုက်နေရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ချင်း၊ ကချင်၊ ကရင်နီနဲ့ တခြားဒေသတွေက ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတာတွေရှိနေသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ကျူးလွန်နေပါတယ်။

စစ်တပ်ရဲ့  ဖျက်ဆီးခံရတဲ့အထဲမှာ ကယားပြည်နယ်(ကရင်နီ) အတွင်းက ခရစ်ယာန် ဘာသာ ဆိုင်ရာအဆောက်အဦတချို့လည်း ပါဝင်တာကြောင့် ခရစ်ယာန်ဘာသာ၀င်တွေဟာ လုံခြုံရေး အခြေနေအရ မိမိတို့ဘုရားကျောင်းတွေမှာ ခရစ္စမတ်ပွဲတော်ကို မကျင်းပဖြစ်တော့တဲ့အတွက် စိတ်ထိခိုက်နေကြတာပါ။

ဒေသခံတဦးက “ကိုယ့်ရဲ့ဘာသာပွဲတခု နှစ်တိုင်းကျင်းပတဲ့အချိန် ဒီနှစ်ထဲမှာ မကျင်းပရတော့ တော်တော်ကို ဝမ်းနည်းရပါတယ်။ မလိုပြောရမှန်းမသိဘူး။ စိတ်က တမျိုးကြီးဖြစ်တာပေါ့။” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ အိုးအိမ်မဲ့သွားတဲ့ ပြည်သူတွေမှာ စစ်နဲ့ဝေးတဲ့ တောတောင်တွေထဲမှာ ဖြစ်သလို တဲထိုးနေထိုင်နေရပါတယ်။ ဒါပေမဲ့ ကိုးကွယ်ယုံကြည်မှုကို ဖျက်ဆီးပစ်လို့ မရတာကြောင့် မိမိရောက်ရှိရာနေရာမှာ ယာယီဝတ်ပြုဆောင် ဆောက်လုပ်ပြီး ဆုတောင်းဝတ်ပြုနေကြပါတယ်။

“ဘယ်လိုပုံ ဘယ်လိုနည်း လုပ်ရမလဲ၊ မလုပ်ရဘူးလဲ အဲလိုမျိုးပေါ့၊ အဓိက အခြေအနေတခုပါပဲ။ ဟို နှစ်တိုင်းခရစ္စမတ်ဆိုတာ မွေးဖွားခြင်းနဲ့ ပျော်ရွှင်ခြင်း၊ ဒီတနှစ်တော့ ဝမ်းနည်းခြင်းပဲ ဖြစ်သွားတယ်။ ဒါပေမဲ့ အားမကျဘူး။ ဆုတောင်းတာက ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ့်ခရစ္စမတ်ကိုယ်လုပ်၊ ဒီမှာ မလုပ်ရသော်လည်းကောင်းပေါ့။ အမှန်ဆို ဒီမှာ လုပ်ရတယ်ဆို အကောင်းဆုံးပေါ့။ ”လို့ ကရင်နီ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့က စစ်ဘေးဒဏ်သင့်‌နေကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေကတော့ စစ်အာဏာရှင်အမြန်ဆုံးကျဆုံးပြီး  အရေးတော်ပုံအောင်မြင်ဖို့ နေ့စဉ်ဝတ် ပြုဆုတောင်းကြပါတယ်။

“အများကြီးတော့ ဆုတောင်းချင်တယ်။ ဒါပေမဲ့ အဓိကကတော့ မြန်မာပြည် အရေးတော်ပုံ အောင်ပါစေလို့ အဲလိုပဲ အဓိက ဆုတောင်းချင်တယ်။”လို့  ခရစ်ယာန်ဘာသာဝင် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ 

လက်ရှိ ကယားပြည်နယ်မှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ သူ‌တို့တွေဟာ အိုးအိမ်နဲ့ ရပ်ရွာကို စွန့်ခွာနေရပေမယ့် ခရစ္စမတ်ပွဲကို ရောက်ရှိရာနေရာမှာ ရသလို ကျင်းပသွားကြမယ်လို့ ဆိုကြပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တွေ အလေးအမြတ်ထားတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလကို မထောက်ထားဘဲ ချင်းပြည်နယ်ကို အင်အားသုံးထိန်းချုပ်ဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူကပြောပါတယ်။

မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒီနှစ်ခရစ္စမတ်မှာ တော်လှန်ရေးကိုပဲ လူငယ်တွေက ဦးစားပေးထားတယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားတယ်လို့  တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာဘုရားကျောင်း၊ ဒီးမော့ဆို စိန့်ဂျိုးဇက်ဘုရားကျောင်း၊ ဒေါငံခါးငြိမ်းချမ်းရေး ဘုရင်မဘုရားကျောင်း၊ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း၊ ဖရူဆိုဘုရားကျောင်း၊ ၆ မိုင် ဘုရားကျောင်းတို့ကို စစ်ကောင်စီစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ကာသီဒြယ်ဘုရားရှိခိုးကျောင်းတော်ကြီးအပါအဝင် တခြားဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ပစ်ခတ် ဖျက်ဆီးတာ ထပ်မလုပ်ဖို့  ဖယ်ခုံ ဂိုဏ်းအုပ်ဆရာတော်ကြီးကလည်း  စစ်ကောင်စီတပ်ကို မေတ္တာရပ်ခံထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေ အခက်အခဲ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် ၂၀၂၁ ခု ခရစ္စမတ်ပွဲတော်မြတ်နဲ့ ခရစ်နှစ် ၂၀၂၂ ခု နှစ်ကူးပွဲရက်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘုရားကျောင်းတွေမှာအလှဆင်တာ မလုပ်ဖို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

Photo Credit-KNDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013