DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်ကာလ ချင်းပြည်နယ်ကို ထိုးစစ်ပြန်ဆင်ရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ
DVB
·
December 23, 2021
ခရစ္စမတ်ကာလ ချင်းပြည်နယ်ကို ထိုးစစ်ပြန်ဆင်ရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေ
Donate to DVB

ချင်းပြည်နယ်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ စစ်ကောင်စီက စစ်ကားအစီး ၅၀ လောက်နဲ့ အင်အားဖြည့်တင်းနေပြီး ခရစ္စမတ်ကာလမှာ  CDF တွေနဲ့ ပြည်သူတွေ စစ်ပန်းအောင် ထိုးစစ်ဆင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့   ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူတဦးက ပြောပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးဘက်စိတ်လည်နေချိန်မှာ ဖိအားပေးထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိပြင်ဆင်နေတာဟာ လူမဆန်မှုဖြစ်ပြီး ဘာသာရေးကို အနိုင်ကျင့်စော်ကားတာလို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦးက ဆလိုင်းထက်နီက “ ဘုရားကျောင်းတွေမှာ တည်းခိုပြီးတော့ ဘုရားကျောင်းမီးရှို့တာ ဆိုကတည်းက ခရစ္စမတ်နဲ့  နှစ်သစ်ကူးကျမှ ဒီလိုလုပ်နေတာတော့ ဘာသာရေးအခွင့်အရေးချိုးဖောက်နေတာ။ ကျနော်တို့ ချင်းပြည်သူနဲ့အများယုံကြည်ကိုး ကွယ်တဲ့ဘာသာ ထိပါးစော်ကားတယ်လို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက အင်အား ၈၀ လောက်စီပါတဲ့ စစ်ကြောင်း နှစ်ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ မင်းတပ် CDF တာဝန်ရှိသူကပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာအနီးမှာ သဲအိတ်တွေချပြီး တပ်စွဲဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

မင်းတပ်လူငယ်တွေကတော့ ဒီနှစ်ခရစ္စမတ်ကာလမှာ  ဘာသာရေးထက် တော်လှန်ရေးကို ဦးစားပေးဖို့ပဲ စိတ်အားထက်သန်နေကြတယ်လို့ ဆိုပါတယ်။

မင်းတပ် CDF တာဝန်ရှိသူတယောက်က “ဓမ္မနဲ့ အဓမ္မ သဘောဆိုတော့လေ။ ခါတိုင်းခရစ္စမတ်တွေလိုတော့ ဖြစ်မှာမဟုတ်ဘူး။ ဒီခရစ္စမတ်ကတော့လေ။ တခြားခရစ္စမတ်တွေလို ပျော်စရာမကောင်းပေမဲ့ တခြား ခရစ္စမတ်တွေထက်တော့ အဓိပ္ပါယ် ပိုရှိမှာပဲပေါ့။ ကိုယ့်ရဲ့ လွတ်လပ်ခြင်းကို ကိုယ်တိုက်ယူရတယ်။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်းကို ကိုယ်ပြန်တိုက်ယူမယ်ပေါ့။”လို့ ပြောပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်က ခရစ်ယာန်ဘာသာဝင်တွေကိုပဲ ဘာသာရေးအရ အနိုင်ကျင့်စော်ကားတာမျိုးမဟုတ်ဘဲ မကွေးတိုင်း ယောဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာလည်း သံဃာအတုအယောင်တွေကို အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ဘက် ရွှေဂူတောင်ကုန်းကို စစ်ကောင်စီက သိမ်းပိုက်တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံ PDF တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်နေတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ယောက်ကပြောပါတယ်။ 

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပြဿနာဖြစ်စေနိုင်တဲ့ စာရွက်တွေကိုလည်း လေယာဉ်ပေါ်က နေကြဲချတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးအရ လေကြောင်းပစ်ကူတွေကိုပါအသုံးပြုပြီး ထိုးစစ်ဆင်နေသလို ဘာသာရေး၊ လူမျိုးရေးမှိုင်းတွေတိုက်ပြီး ဒေသခံတွေအကြား သွေးကွဲအောင် စိတ်ဓာတ်စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစောပိုင်းကာလက အနောက်မြောက်တိုင်းစစ်ဒေသတွင်း စစ်ရေးအခြေအနေတွေကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိခဲ့ပေမယ့် ဒီဇင်ဘာလနှောင်းပိုင်းအခြေအနေတွေမှာတော့ အနောက်မြောက်တိုင်းစစ်ဒေသနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို စစ်ကောင်စီက ဆက်တိုက် ဝါဒဖြန့် ထုတ်ပြန်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013