DVB Logo
Home
မြန်မာသတင်း
မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၂ မတ်လအထိ အိန္ဒိယအစိုးရက ထပ်မံ သက်တမ်းတိုး
DVB
·
December 22, 2021
မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၂ မတ်လအထိ အိန္ဒိယအစိုးရက ထပ်မံ သက်တမ်းတိုး
Donate to DVB

အိန္ဒိယအစိုးရက ပြည်ပကနေ  မတ်ပဲနဲ့ ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၂ မတ်လ ၃၁ ရက်နေ့အထိ ၃လ ထပ်မံသက်တမ်း ထပ်တိုးလိုက်ပါတယ်။

မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းသုံးမျိုးကို ၂၀၂၁ အောက်တိုဘာလကုန်ထိ အရေအတွက်အကန့်အသတ်မရှိ သူ့နိုင်ငံအတွင်း လွတ်လပ်စွာ တင်သွင်ခွင့်ပေးခဲ့ရာကနေ   ဒီဇင်ဘာလကုန်အထိ သက်တမ်းတစ်ကြိမ်ထပ်တိုးပေးခဲ့ပြီး အခု ၂၀၂၂ မတ်လကုန်အထိ တင်သွင်းခွင့်ကာလကို ထပ်တိုးလိုက်တာပါ။

အိန္ဒိယက ၂၀၁၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး ပြည်ပက ပဲတင်သွင်းမှုကို ခွဲတမ်းစနစ်နဲ့ ပမာဏကန့်သတ်ပြီး တင်သွင်းစေခဲ့ရာကနေ သူ့နိုင်ငံအတွင်း  ပဲလိုအပ်ချက်များပြားနေတဲ့ အခြေအနေကြောင့် ခွဲတမ်းစနစ်ကို အခုနှစ်မှာ ပယ်ဖျက်ပေးလိုက်ပြီး မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း သုံးမျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့်ပေးခဲ့တာပါ။

တဖက်မှာလည်း နှစ်နိုင်ငံအစိုးရချင်း ရေးထိုးထားတဲ့ MOUအရ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ကနေ စတင်ပြီး ၅ နှစ်တာ နှစ်စဥ် တင်သွင်းသွားမှာဖြစ်တာကြောင့် ပဲစျေးကွက်အလားအလာကောင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ပဲကုန်သည်တစ်ဦးက “သုံးလလည်း ထပ်သက်တမ်းတိုးတယ်၊ G to G လည်း ထွက်မယ်ဆိုတော့ ပဲစျေးကမကျနိုင်ဘူး။ အခုတောင် စျေးကပြန်တက်နေပြီ။ အိန္ဒိယကသက်တမ်းထပ်တိုးပြီး ၀ယ်မယ်ဆိုတော့ မြန်မာပြည်က ပဲစျေးလည်း တက်သွားတာပါ။ ပဲအသစ်ပေါ်ချိန်ဆိုတော့ တောင်သူအတွက် အကျိုးအမြတ်ရှိနိုင်တယ်” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယစျေးကွက်အပေါ်မှီခိုပြီး အဓိကထား စိုက်ပျိုးနေတာဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းခွင့် မူဝါဒ အပေါ်မူတည်ပြီး ပြည်တွင်းပဲစျေးကွက်အပေါ် ရိုတ်ခတ်မှုရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပဲ၀ယ်ယူမယ့် သတင်းတွေကြောင့် အသစ်ပေါ်ချိန် စျေးနှုန်းကျဆင်းနေတဲ့ မတ်ပဲစျေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် နေ့စဥ်ထုတ်ပြန်တဲ့စျေးနှုန်းတွေအရ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မတ်ပဲ (FAQ) တစ်တန်ပေါက်စျေး  ကျပ် ၁၂၀၇၅၀၀ သာရှိခဲ့ပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တစ်တန်ကို ကျပ် ၁၂၆၇၅၀၀ ပေါက်စျေးရှိပြီး ၂ ရက်အတွင်း မတ်ပဲတစ်တန်ကို ကျပ်ခြောက်သောင်း၀န်းကျင် စျေးပြန်မြင့်တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013