DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနားနှင့် ဆောမြို့နယ်တို့တွင် စစ်ကောင်စီယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 21, 2021
ပျဉ်းမနားနှင့် ဆောမြို့နယ်တို့တွင် စစ်ကောင်စီယာဉ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

နေပြည်တော် ပျဉ်းမနားနဲ့ မကွေးတိုင်း ဆောမြို့နယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်၊ ပျဉ်မနားမြို့နယ်၊ လက်ဖက်တောင်ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၀ ရက်နေ့၊ မနက် ၁၁ နာရီခွဲဝန်းကျင်က စစ်ကောင်စီမော်တော်ယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်စစ်ဒေသခွဲ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၈၀၂၊ တပ်ခွဲ ၅ က ၂ ဖွဲ့ခွဲပြီး ဆောင်ရွက်ခဲ့တာလို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ငွေစိုးက အတည်ပြုပြောဆိုပါတယ်။

“ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု၊ လက်ဖက်တောင် ကျေးရွာအနီးမှာ စစ်ကား ၂ စီးကို ကြိုဆင်ထားတဲ့ မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကား ၁ စီးကတော့ ချောက်ထဲကျသွားတယ်။ အနည်းဆုံးတော့ ၁၂ ယောက်လောက် သေပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားတယ်။ ကျနော်တို့ရဲဘော်တွေက အောင်အောင်မြင်မြင် အန္တရာယ်ကင်ကင်းပြန်လာနိုင်ခဲ့တယ်။”

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ စစ်ကား ၁ စီးဟာ ချောက်ထဲကျသွားပြီး လမ်းပေါ်က လျှပ်စစ်မီးတိုင်ကြီး ၂ တိုင်ပါ ပျက်စီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ညဦးပိုင်းမှာတော့ နေပြည်တော်ကောင်းကင်ယံမှာ လေယာဉ်တွေဝဲပျံနေပြီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စစ်ကောင်စီရဲ့ မြဝတီဘဏ်ကို Nay Pyi Taw - PDF က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ဘဏ်အစောင့်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ဒေသမှာလည်း ဒီဇင်ဘာ ၂၀ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို လောင်းရှည်ဒေသ-PDF က မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိ တစ်ယောက် သေဆုံးပြီး တပ်သားတစ်ယောက် အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

လောင်းရှည်ကနေ ကပစ ၂၅ ကိုပြန်သွားတဲ့ စစ်ကောင်စီကားတစ်စီးကို လောင်းရှည်-PDF က လမ်းကနေ့စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ လောင်းရှည်-PDF ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီကားကတော့ ရစရာမရှိအောင်စုတ်ပြတ်သွားတယ်ဗျ။ သူတို့ဘက်က ပြန်လည်ပစ်ခတ်ပေမယ့်လည်း ကျနော်တို့ လောင်းရှည်-PDF တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လောင်းရှည်မြို့အဝင်မှာ စခန်းချဖို့လုပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့  နေ့လယ်ပိုင်းမှာ လောင်းရှည်-PDF က လက်လုပ်တာဝေးပစ်လက်နက်တွေနဲ့ ၁၅ ချက်လောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သူတိုဘက်ကလည်း ၁၀ ချက်လောက်ပြန်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကို အတည်မပြုနိုင်သေးဘဲ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လောင်းရှည်ဒေသအတွင်းမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ လောင်းရှည်မြို့အဝင်တံတားထိပ်မှာ စခန်းချပြီး ပြည်သူတွေဆီကနေ ငွေကြေးနဲ့ ပစ္စည်တွေတောင်းယူဖို့ ကြံစည်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းမောင်းထုတ်သွားမယ်လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတဲ့ အခြေနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013