DVB Logo
Home
မြန်မာသတင်း
သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို မြန်မာစစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် ထပ်ရောက်လာ (ရုပ်သံ)
DVB
·
December 20, 2021
သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို မြန်မာစစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် ထပ်ရောက်လာ (ရုပ်သံ)
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ မနက်အစောပိုင်း စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် နယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ထပ်မံ ထွက်ပြေးလာကြပါတယ်။

မြဝတီခရိုင် ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၆ တပ်ရင်း ၁၈ နယ်မြေအတွင်း နေထိုင်တဲ့ဒေသခံတွေကို နယ်မြေမလုံခြုံတော့တာကြောင့် ထွက်ခွာကြဖို့ ကေအန်ယူနဲ့ ဒီကေဘီအေ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာကြောင့် အခုလို ထိုင်းဘက် ထွက်လာကြတာလို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လေးကေ့ကော်ဒေသ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း ဒီဇင်ဘာ ၁၅ ရက်ကစ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မေတ္တာလေးမြိုင်မှာ မနက်ပိုင်းတိုက်ပွဲ ဖြစ်ခဲ့သလို ဖလူးကျေးရွာအုပ်စုမှာတော့  ညနေပိုင်းတကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် မဲ့ထော်သလေးရွာက နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

မြန်မာဘက်ခြမ်း လေးကေ့ကော်မြို့သစ်အနီးမှာရှိတဲ့ ဆုံဆည်းမြိုင်၊ အင်ကြင်း၊ ဖလူးကြီး၊ ဖလူးလေး၊ မေတ္တာလင်းမြိုင်၊ ဝေါ်လေစတဲ့ ကျေးရွာသားတွေကို ထွက်ခွာဖို့ KNLA တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကပါ တိုက်ခိုက်မယ့်သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကေအန်ယူနဲ့ ဒီကေဘီအေ တာဝန်ရှိသူတွေက မနေ့ညနေပိုင်းကတည်းက နေရပ်တွေကနေ ထွက်ခွာကြဖို့ လိုက်လံတိုက်တွန်းနေတာလို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း သောင်းရင်းမြစ်ကမ်းမှာ မနေ့ညကတည်းက စစ်ရှောင်တွေ ထောင်နဲ့ချီ ထပ်မံရောက်ရှိနေကြတာဖြစ်ပါတယ်။

မနေ့ညက မြန်မာဘက် ဝလုံးဂိတ်ဘက်ကနေ ကူးလာတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းဘက်ခြမ်းက လက်မခံခဲ့ဘဲ ဖလူးကျေးရွာကနေ ကူးလာတဲ့သူတွေကိုတော့ လက်ခံခဲ့ပြီး မယ့်ကိုကင်းကျေးရွာအနားမှာရှိတဲ့ နွားခြံတွေမှာ ယာယီနေရာချထားပေးတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ 

မြဝတီခရိုင် ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူ ဒီနေ့အပါအဝင် စုစုပေါင်း ၉၀၀၀ ဝန်းကျင်ရှိသွားပြီလို့ ထိုင်းတာဝန်ရှိသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေကို မဲဆောက်မြို့ မယ်သောင်ကန် စာသင်ကျောင်းနဲ့ ဘောလုံးကွင်းမှာ ၂၀၀၀ ကျော်ထားရှိထားပြီး မဲ့ကိုကင်းတိုက်နယ် နွားတင်ကုတ်မှာတော့ ၇၀၀၀ နီးပါး ထားရှိတယ်လို့ ဆိုပါတယ်။

မဲ့တောင်ကန်းနဲ့ မဲ့ကိုကင်းတိုက်နယ်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး အတွက် ထိုင်းနဲ့ မြန်မာအလှူရှင်တွေ ပေးတဲ့ အကူငွေနဲ့ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် လက်ရှိ ဆောင်းတွင်းကာလဖြစ်တာကြောင့် အနွေးထည်၊ စောင်၊ ခေါင်းစွပ် စတာတွေ အကူအညီလိုအပ်နေပြီး စားဝတ်နေရေးကတော့ အဆင်ပြေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013