DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ် မဲထော်သလေးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
December 17, 2021
မြဝတီမြို့နယ်  မဲထော်သလေးကျေးရွာကို စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် ပစ်ခတ်
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာဘက်ကို စစ်ကောင်စီရဲ့တပ်တွေက ဒီဇင်ဘာ ၁၇ ရက် မနက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတယ်လို့ လေးကေ့ကော် စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဒီမနက် ၁၀ နာရီလောက်က စတင်ပြီး မဲထော်သလေးကျေးရွာကို လက်နက်ကြီး​တွေနဲ့ ရမ်းသန်း ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာမှာ စစ်ဘေးရှောင် ခိုလှုံနေရတယ်လို့  ဆိုပါတယ်။

လေးကေ့ကော်စခန်း တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဘက်က မနက် ၁၀ နာရီလောက်ကစတင်ပြီး မဲထော်သလေးရွာဘက်ကို  ပစ်နေတယ်။ ဒေသခံတွေက ဘေးလွတ်ရာစစ်ရှောင်စခန်းတွေဆီ ပြေးကုန်ပြီ” လို့ ပြောပါတယ်။

လေးကေ့ကော်မြို့သစ်ကနေ ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ KNLA တပ်တို့ မဲထော်သလေးကျေးရွာအတွင်းမှာ ထပ်မံတွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ  အရှင်ဖမ်းခံရသူ၊ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိခဲ့တဲ့အတွက် အခုလိုလက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

လေးကေ့ကော်မှာ နေထိုင်သူတစ်ဦးက “ခုမနက် ၉ နာရီ ၁၀ မိနစ်လောက်က တိုက်ပွဲပြန်စနေ တယ်။ ၆ လုံးလောက်ရှိပြီ ခုချိန်ထိကြားရတာ။ လက်နက်ကြီးကျရင် ထိခိုက်မှာကို အားလုံး ပူပန်နေကြတယ်။ ဒါကြောင့် လေးကေ့ကော်မှာရော၊ အနီးနားရွာတွေကပါ ဒေသခံတွေ ထွက်ပြေး ကုန်ကြပြီ၊ ဈေးဆိုင်‌တွေ တော်တော်များများလည်း ပိတ်ကုန်ပြီ။ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောပေမယ့် ထိုင်းဘက်ကမ်းကို ကူးဖို့ ပြင်နေကြသူတွေလည်း ရှိတယ်။”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က လေးကေ့ကော်ကနေဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့တပ်၊ ပူးပေါင်း BGF တပ်နဲ့ KNLA တပ်၊ PDF တို့ မဲထော်သလေးကျေးရွာမှာ တွေ့ဆုံပြီးထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့အတူ ၁၈ ဦးသေပြီး၊ BDF အပါအဝင်  ၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနက်က စတင်ပြီး လေးကေ့ကော်မြို့သစ် စစ်ဘေးရှောင်အိမ်ရာ စခန်းအတွင်းကို စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၂၀၀ လောက်က  စစ်ဘေးရှောင်နေအိမ်တွေကို ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမှုတွေရှိခဲ့ရာက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က  ၁၈  ဦးကျဆုံးပြီး  စစ်ကောင်စီ တပ်သား ၆  ဦး၊ BGF ၂  ဦး အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း  သိမ်းဆည်းရရှိထားကြောင်း NUG ရဲ့ PVTV က သတင်းက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - PVTVNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013