DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ
DVB
·
December 15, 2021
လေးကေ့ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊  ဒီဇင်ဘာ ၁၅ ရက် ဒီမနက် ၁၁ နာရီကျော်လောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတချို့ကို ကရင်လက်နက်ကိုင်တပ်တွေဘက်က အရှင်ဖမ်းဆီးရမိထားပါတယ်။

လေးကေ့ကော်မြို့သစ်မှာ ဒီမနက် ၁၁ နာရီဝန်းကျင်ကစပြီး  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ခွဲထွက်ဒီကေဘီအေတပ်တွေ အပါအဝင် ကရင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ 

ရသေ့ဂူဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ PDF တွေ ရှိလို့ဆိုကာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့လုပ်တဲ့အတွက် KNLA နဲ့ တိုက်ပွဲဖြစ်ပွားတာလို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

စစ်ကောင်စီတပ်က လေးကေ့ကော်မြောက်ဘက် ဗျူးပွိုင့်ကုန်းဘက်ကနေ အရပ်သားတွေနေတဲ့ လေးကေ့ကော် ၃ ရပ်ကွက်ဘက်ကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့ပြီးနောက် KNLA စခန်းကုန်းနဲ့ ရသေ့ဂူဘက် ၄ နေရာလောက်အထိ ပစ်ခတ်ခဲ့တာကြောင့် ကေအန်ယူ ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် အခုတော့ တိုက်ပွဲတွေ ရပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး ၈ ယောက် အဖမ်းခံထားရတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

လက်ရှိစစ်ကောင်စီတပ်တွေက ကုန်းမြင့်ရာတွေကို နေရာယူထားပြီး လေးကေ့ကော်မြို့ထဲ အရပ်သားတွေနေတဲ့ ရပ်ကွက် ၃ နေရာတွေဘက်ကို  လက်နက်ကြီး မော်တာနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဘေးလွတ်ရာပြေးသွားတဲ့ ပြည်သူတွေရဲ့ ပိတ်ထားတဲ့ နေအိမ်တံခါးတွေကို စစ်တပ်က ရိုက်ဖျက်ဖွင့်ပြီး အိမ်တွင်းပစ္စည်းတွေ ခိုးယူသွားတယ်လို့လည်း ဒေသခံတွေကလည်း ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းနိုင်ငံဘက်ကို ကြိုးစားထွက်ပြေးနိုင်တဲ့ အခြေအနေရှိလို မြန်မာဒုက္ခသည်တွေ မကူးလာကြအောင် ထိုင်းစစ်တပ်တွေက  နယ်စပ် လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

ဒီဇင်ဘာလ ၁၄ ရက်ကတည်းက စစ်ကောင်စီလက်အောက်ခံ စကခ ၁၃ က အင်အားအလုံးအရင်းနဲ့ လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်စစ်ဆေးပြီး  လွှတ်တော်ကိုယ်စားလှယ် အပါအဝင် လူပေါင်း အယောက် ၆၀ လောက်ကို ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီတပ်က ကေအန်ယူ ထိန်းချုပ်နယ်မြေ လေးကေ့ကော်အထိဝင်ရောက်ပြီး ရှာဖွေဖမ်းဆီး နေတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ 

အမည်မဖော်လိုတဲ့ ကေအန်ယူ အရာရှိတယောက်ကတော့ ကေအန်ယူဟာ အရင်အစိုးရနဲ့ အန်စီအေ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်အရ  အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီဖွဲ့စည်းထားပြီး အန်စီအေရဲ့ စည်းမျဉ်းအရ ဒီလိုဝင်ရောက်ရှာဖွေရင် အရပ်သားအပါဝင်နှစ်ဖက် တာဝန်ရှိသူတွေက ပါဝင် စစ်ဆေးပိုင်ခွင့်ရှိကြောင်း ပြောပါတယ်။

“ကျနော်တို့က အန်စီအေနဲ့ join monitoring  ကော်မီတီဆိုတာ ရှိသေးတယ်။ နေရာတခု ဝင်တဲ့အခါမှာ join monitoring ဆိုတာ နှစ်ဦးနှစ်ဖက်နဲ့ အရပ်သားတွေနဲ့ ပေါင်းပြီး စစ်ဆေးပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့် ဒီဟာကို ဝင်တဲ့အခါ ကျနော်တို့က တားတယ် အကြီးအကျယ်၊ နောက်ဆုံးတော့ သူတို့က ဒီဟာတွေ ရှိတဲ့အပေါ်မှာ ဒီလိုပဲ တားရင်မရဘူးဆိုပြီး အတင်းဝင်တယ်။  ”

ဒါအပြင် စစ်ကောင်စီတပ်သားတွေ လေးကေ့ကော်ကို ဝင်စစ်တဲ့အခါမှာလည်း အိမ်နံပါတ်နဲ့ လူနာမည် အတိအကျနဲ့  ဝင်ရောက်စစ်ဆေးဖမ်းဆီးတာဖြစ်ပြီး အဲဒီဒေသကို ခိုလှုံလာသူတွေထဲမှာ သတင်းပေးတွေ ဒလန်ပါဝင်လာတာကြောင့် ဒီလိုအခက်အခဲတွေဖြစ်ပွားလာရတာလို့လည်း အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို ကေအန်ယူနဲ့  ကရင်ပြည်နယ် အစိုးရအကြား  ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လေးကေ့ကော်မြို့သစ်မှာ ထိုင်းနိုင်ငံကပြန်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးထားတာဖြစ်ပြီး ရပ်ကွက် ၆ ရက်ကွက်မှာ မိသားစု ထောင်ချီနေထိုင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013