DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဌာန ထုတ်ပြန်နှင့်ပတ်သက်၍ KNDF ကြိုဆို
DVB
·
December 14, 2021
NUG ကာကွယ်ရေးဌာန ထုတ်ပြန်နှင့်ပတ်သက်၍ KNDF ကြိုဆို
Donate to DVB

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဌာနက အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီတပ်မတော်(KA) နဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးမှာ တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့  တော်လှန်ရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

KNDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြေပြင်စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KNDF ပြောခွင့်ရသူကတော့ “KNDF နဲ့ NUG ဆက်ဆံရေးက ကျနော် နဂိုကတည်းက ပြောခဲ့သလိုပဲ အရမ်းစိမ်းတာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ KNDF က ခွဲထွက်ရေးလားသို့မဟုတ် ပြည်နယ်တခုကို အခြေခံပြီးတော့ လုပ်တဲ့တပ်ဖွဲ့လားဆိုတဲ့ ဒေသတွင်းက အမြင်တွေကတော့ ပိုရှင်းသွားမယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ KNDF မှာက နိုင်ငံရေး ဦးဆောင်မှုတော့ NUG/ CHPH ရဲ့လမ်းညွန်မှုအောက်မှာပဲ ကျနော်တို့ သွားကြမယ်ဆိုတာက ကျနော်တို့တွေ နဂိုကတည်းက ပြောထားပြီးသားပဲလေ။ ဒါပေမဲ့ တချို့ KNDF ကို အမြင်မရှင်းတဲ့ အဖွဲ့တချို့ လူတချို့တွေကတော့ ဒီထုတ်ပြန်ချက်အပေါ်မှာ အများကြီးတော့ အမြင်ရှင်းသွားပြီလို့ ကျနော်ကတော့ အဲလိုယူဆတယ်”လို့‌ ပြောပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ကြီးကြပ်မှုအောက်မှာ ရပ်တည်နေတဲ့အဖွဲ့ ဖြစ်သလို ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာတဲ့မူဝါနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီပြည်နယ်တခုလုံးမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၉ ရင်းနဲ့ တပ်ရင်းတရင်းကို တပ်အင်အား ၃၀၀ ကနေ ၅၀၀ ကြားဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီ(ကယား) ပြည်နယ်အတွင်းမှာလည်း ဒေသပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေလည်း ဖွဲ့စည်းထားပြီး  တပ်ရင်း  ၉ ရင်းရှိတယ်လို့  သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး KNDF ပြောခွင့်ရသူက “ကျနော် ပြောချင်ကတော့ စစ်ကောင်စီကို တော်လှန်နေတဲ့အချိန်မှာတော့ ကျနော်တို့တွေ ကွဲကွဲပြားပြား ဖြစ်လို့မရဘူး။ ဖြစ်လို့မရတဲ့ အတွက်ကို ကျနော်တို့ အမြဲတမ်းပြောတယ်။ တစုတစည်းတည်း ဖြစ်အောင် ကြိုးစားတယ်။ ကျနော်တို့ကြိုးစားတာ အခုချိန်ထိ လာပူးပေါင်းမယ့် အဖွဲ့တွေကတော့ ကျနော်တို့ ကြိုဆိုနေဆဲပါပဲ။ ဒါကတော့ ကျနော်တို့ရဲ အရှိတရားပါ။ နောက် တခုကတော့ KNDF နဲ့ပူးပေါင်းဖို့ ကျနော်တို့ စောင့်နေတယ်။ ကြိုလည်းကြိုဆိုနေထားပြီးသားပါ။  ပူးပေါင်းတာ မပူးပေါင်းတာတော့ သူတို့အပိုင်း၊ ကျနော်တို့ကတော့ အမြဲတမ်း ကြိုဆိုတာပဲလေ။ ” လို့ ပြောတယ်။

KNDF ဟာ ကယားပြည်နယ်မှာ တပ်ရင်းအလိုက်နဲ့ တပ်သားနံပါတ်အလိုက် စနစ်တကျဖွဲ့ စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်ပြီး ညီညွတ်ရေးတပ်ဖြစ်တာကြောင့် ဒေသတွင်းမှာ ရှိနေတဲ့ ကာကွယ်ရေးတပ်တွေအားလုံးနဲ့ပူးပေါင်းဖို့ ကြိုဆိုလမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့  စစ်ကောင်စီနဲ့ KNDFတို့အကြား တိုက်ပွဲတွေကလည်း နေ့တိုင်းလိုလိုရှိနေပြီး စစ်ရေးက ဆက်လက်တင်းမာနေပါတယ်။ 

Photo- KNDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013