စစ်ကိုင်းမြို့နယ်အတွင်း ရွှေဘို - မန္တလေး လမ်းပေါ် ကျော်ဇေယျာရွာနဲ့ ချိုင်းကြီးရွာအကြားမှာ ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကိုင်းကနေ ဝက်လက်၊ ရွှေဘို ဘက်သွားတဲ့ စစ်ကောင်စီတပ်ကား ၃ စီးကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ရှေ့ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“သူတို့ကဝက်လက် ရွှေဘိုဘက်သွားမလို့။ ဒီလို မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ဝက်လက် ရွှေဘိုဘက်ကကားနောက်ထပ်ရှစ်စီးလောက်နဲ့ပေါင်းပြီး စစ်ကိုင်းတပ်ထဲပြန်သွားတယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူက ပြောပါတယ်။
ဒီလို မိုင်ဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်သား ၂၀ လောက် သေဆုံးကာ ဒဏ်ရာသူ အများအပြားရှိနိုင်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။