DVB Logo
Home
မြန်မာသတင်း
ငွေစက္ကူသစ်သတင်းမဟုတ်မှန်ဟု ဗဟိုဘဏ်ကငြင်းသော်လည်း အနာဂတ်တွင်ဖြစ်နိုင်ခြေရှိဟု သုံးသပ်
DVB
·
December 10, 2021
ငွေစက္ကူသစ်သတင်းမဟုတ်မှန်ဟု ဗဟိုဘဏ်ကငြင်းသော်လည်း အနာဂတ်တွင်ဖြစ်နိုင်ခြေရှိဟု သုံးသပ်
Donate to DVB

ငွေစက္ကူအသစ် ကျပ် ၂ သောင်းတန်နဲ့ ကျပ် ၅ သောင်းတန် ထုတ်မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာထွက်နေတာနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က  ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတန်ဖိုးအမျိုးအစားအသစ် ထုတ်ဝေတာနဲ့ ထုတ်ဝေပြီးတဲ့ ငွေစက္ကူအမျိုးအစားကို ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်ဝေတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ပါက ပြည်သူတွေဆီ ကြိုတင်ကြေညာ အသိပေးဆောင်ရွက်သွားမယ်လို့  ဆိုပါတယ်။

ဒါကြောင့် အခုသတင်းဖြစ်ပေါ်နေတဲ့  ကျပ် ၂ သောင်းတန်နဲ့ ကျပ် ၅ သောင်းတန် ငွေစက္ကူသစ်တွေ ထုတ်မယ်ဆိုတဲ့ သတင်းမှာ မဟုတ်မမှန်ကြောင်း ဖြေရှင်းခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းငွေကြေးစျေးကွက်မှာ ကျပ်ငွေတန်ဖိုး အဆမတန်ဖောင်းပွလာတာနဲ့ ငွေသားလည်ပတ်မှုက ကျပ်တည်းနေတာကြောင့် အနာဂတ်ကာလမှာ ငွေစက္ကူသစ်တွေ ရိုက်ထုတ်လာနိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ငွေကြေးကဏ္ဍအပေါ် စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောပါတယ်။

ငွေကြေးစျေးကွက်စောင့်ကြည့်လေ့လာသူတဦးက ကျနော့်အမြင်ကတော့ “ငွေတွေကို ရိုက်ထုတ်လိမ့်မယ်လို့ မြင်မိတယ်။ ဘာလို့လဲဆို လက်ရှိ ငွေသားလည်ပတ်မှုက ကျပ်တည်းနေတာနော်။ ဒါက တချက်ပေါ့။ ပြီးတော့ လူတွေကလည်း ငွေသားကိုပဲ တောက်လျှောက်တောင်းဆို နေကြတာ။ ပြီးတော့ အပြင်မှာလည်း ငွေသားက စျေးကွက်တခုလို ဖြစ်နေတာနော်။ ဘာလို့လဲဆို ဘဏ်တွေမှာ ငွေသားထုတ်ယူလို့ မရတဲ့အတွက် ရာခိုင်နှုန်းတခုပေးပြီး ထုတ်နေရတာလေ။ အဲ့တော့ ဒီလို အခြေအနေမှာ သူတို့ ငွေသား ရိုက်ထုတ်လိမ့်မယ်လို့ မြင်မိပါတယ်။ ငွေသားရိုက်ထုတ်တဲ့အတွက် ဘာဖြစ်လဲဆိုရင် ငွေသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေမယ့် ငွေကြေးဖောင်းပွမှုကိုတော့ သွားပြီး အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်တယ်။ မြန်မာကျပ်ငွေ တန်ဖိုး ကျလာတဲ့အတွက် ဒေါ်လာတန်ဖိုး တက်လာမယ်။ ရွှေစျေးတွေ တက်မယ်။ အဲဒီ့အခါ ကုန်စျေးနှုန်းကလည်း လိုက်ပြီး တက်လာလိမ့်မယ်။ ဆိုတော့ တိုင်းပြည်က ဆင်းရဲနွမ်းပါးမှု အခြေအနေဆီ သွားနေပြီး ပြည်သူတွေအဖို့တော့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာပါလိမ့်မယ်” လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က တွက်ချက်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၉ မှာ ၈ ဒသမ ၆ ရာခိုင်နှုန်း  ၊ ၂၀၂၀ မှာ ၅ ဒသမ ၇ ရာခိုင်နှုန်း ၊ ၂၀၂၁ မှာ ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး လာမည့် ၂၀၂၂ အတွက်တော့ ခန့်မှန်းလို့ မရဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လက်ရှိအကျပ်အတည်းအခြေအနေအရ မြန်မာကျပ်ငွေ တန်ဖိုးဖောင်းပွမှုက  Hyperinflation အဆင့်အထိ ရောက်နိုင်မလားဆိုတဲ့ အပေါ် စီးပွားရေး သုတေသီတဦးက “hyperinflation ကဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာ ပြောဖို့တော့ ခက်ပါတယ်။ ဒါက အခြေအနေတွေ အများကြီးအပေါ် မူတည်ပါတယ်။ ပထဆုံးတခုက အခုလက်ရှိ ငွေကြေးအခြေအနေတင်မကဘူး နိုင်ငံရေးရဲ့အခြေအနေပေါ်လည်း မူတည်ပါတယ်။ နိုင်ငံရေးအခြေအနေက မတည်ငြိမ်မှုရှိသလို နောက်တခါ စစ်ဖြစ်သကဲ့ သို့ အခြေအနေမျိုးဖြစ်တယ်ဆိုရင် လူတွေမှာ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်မယ်။ ပြီးတော့ panic buying ဝယ်ယူတာမျိုး တွေဖြစ်မယ်။ ထုတ်ကုန်တွေ သွင်းကုန်တွေ အားနည်းမယ်။ ထုတ်ကုန်တွေက နည်းပြီး လူထုရဲ့ စားသုံးမှုက လျှော့လို့ မရဘူး။ ဒါပေမဲ့လည်း ဝယ်လိုအားက လျှော့လာလိမ့်မယ်။ စီးပွားရေးက ကျလာလိမ့်မယ်။ အဲ့ဒီ့အခါ လူတွေက စုဆောင်းကြလိမ့်မယ်။ ဘာတွေ စုဆောင်းကြမလဲဆိုရင် ဒေါ်လာနဲ့ရွှေ ကို စုမယ်ပေါ့။ ဒါပေမဲ့ ဒေါ်လာနဲ့ ရွှေ ကလည်း စျေးကွက်ထဲမှာ မရှိဘူး။ အဲ့လို မရှိတဲ့အခါ ဒေါ်လာစျေး၊ရွှေစျေးတွေက တက်မယ်။ အဲ့တော့ မြန်မာငွေတန်ဖိုးက ကျမယ်။ ဆိုတော့ ဒါက ဘယ်လောက်အထိ ဖြစ်သွားနိုင်မလဲဆိုတာ ပြောဖို့တော့ခက်ပါသေးတယ်” လို့သုံးသပ်ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၂၁ ဧပြီလထုတ် (၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ဧပြီ မှ စက်တင်ဘာလအထိ) ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာပါဖော်ပြချက်အရ တိုင်းပြည်ငွေကြေးပမာဏ အခြေအနေက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်မှာ ကျပ်သန်းထောင်ပေါင်း ၆၂,၈၈၃ ရှိခဲ့ပြီး ၂၀၂၀ စက်တင်ဘာလကုန်မှာ ကျပ်သန်းထောင်ပေါင်း ၇၂,၃၁၉ ရှိပါတယ်။ 

ဒါကြောင့် တိုးတက်မှုက ဒီမတိုင်ခင်ကထက်  ၁၅ ရာခိုင်နှုန်း  တိုးတက်မှုရှိခဲ့ပြီး စုစုပေါင်း ငွေကြေးပမာဏ အချိုးကလည်း ၂၀၂၀ စက်တင်ဘာလကုန်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့  ၆၄  ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ လှည့်လည်သုံးစွဲတဲ့ငွေပမာဏနဲ့ ဘဏ်အပ်ငွေစုစုပေါင်းပမာဏကလည်း ဒီမတိုင်ခင် ကလာလတူနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းနဲ့  ၁၄ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့တာကြောင့် အပ်နှံငွေစုစုပေါင်းကိုကြည့်ရင် ဘဏ်စာရင်းရှင်အပ်ငွေက ကျပ်သန်း ထောင်ပေါင်း ၆,၉၅၅ ရှိပြီး စုဆောင်းမှုအပ်ငွေကလည်း ကျပ်သန်းထောင်ပေါင်း ၄၉,၉၁၂ ရှိတာတွေ့ရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် စိစစ်တွက်ချက်ခဲ့ရာမှာ ပထမအကြိမ် ဧပြီလက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာ့စီးပွားရေးဟာ ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ သုံးသပ်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် အပြီးသတ်စိစစ်တွက်ချက်မှုမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းမှုက စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ကာလတုန်းက တိုင်းပြည်စီးပွားရေးက ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အခုတကြိမ် အာဏာသိမ်းမှုမှာတော့ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမှာဖြစ်တာ ကြောင့် အဆိုးဝါးဆုံး မှတ်တမ်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013