DVB Logo
Home
မြန်မာသတင်း
ဆောင်းရာသီ ပြည်တွင်းခရီးသွားလုပ်ငန်း ယမန်နှစ်ကထက် ကျဆင်း
DVB
·
December 7, 2021
ဆောင်းရာသီ ပြည်တွင်းခရီးသွားလုပ်ငန်း ယမန်နှစ်ကထက် ကျဆင်း
Donate to DVB

လက်ရှိဆောင်းတွင်း ခရီးသွားရာသီကာလမှာ  မြန်မာပြည်တွင်းခရီးသွားတွေ အများအပြား ရှိနေတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် များစွာလျှော့နည်း ကျဆင်းသွားတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးကာလမှာ ပြည်တွင်းခရီးသွား ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင် ဦးမော့လာချိန် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်း ခရီးသွားလာမှုနှုန်းကတော့ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် များစွာလျော့ကျမှု ရှိနေပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ကျနော်တို့ ၂၀၂၀ နဲ့ ၂၀၂၁ ကိုချိန်ပြီး နှိုင်းယှဉ်လိုက်ရင် ၂၀၂၀ ရဲ့ ၇ လ၊ ၈ လ ပိုင်းမှာ ရှိခဲ့တဲ့ပမာဏက တော်တော်လေး မြင့်ခဲ့တဲ့တာတွေ့ရတယ်။ ၂၀၂၀ မှာဆိုရင် တော်တော်လေးခရီးတွေ သွားကြတယ်။ ဒီနှစ်ဆိုရင် တတိယလှိုင်းပြီးသွားတဲ့ အခုလိုအချိန်ပေါ့နော်၊ အောက်တိုဘာကစပြီးတော့ ခရီးသွားက တောက်လျှောက်တက်လာပါတယ်။ ပြီးတော့ နိုဝင်ဘာနဲ့ အခု ဒီဇင်ဘာမှာရော ခရီးသွားတွေက တက်လာတယ်နော်။ ဒါပေမဲ့ ဘယ်လိုပဲယှဉ်ယှဉ် ၂၀၂၀ တုန်းက  ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ပြီးခဲ့တဲ့အချိန်မှာ တက်ခဲ့တဲ့ ပမာဏကိုတော့ မမီသေးဘူး” လို့ ပြောပါတယ်။

အခုအချိန်မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသွားတဲ့ လူဦးရေကလည်း များလာတာကြောင့် ခရီးသွားလာကြသလို လက်ရှိမှာဆိုရင် တိုက်ပွဲတွေမရှိတဲ့ နယ်မြေလုံခြုံမှုရှိတဲ့ နေရာဒေသတွေကို ရွေးချယ်ပြီးခရီးသွားလာမှုရှိနေတဲ့အကြောင်း သိရပါတယ်။

“မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဘက်အခြမ်းတွေ ဆိုတာက ပုံမှန်အခြေအနေသာဆိုရင် ခရီးတွေ အရမ်းသွားတဲ့ဘက်ပေါ့နော်။ အခုဆိုရင် ပုဂံဘက်သွားလာတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်ရှိသင့်တာ ထက်စာရင်တော့ အများကြီးနည်းနေသေးတာပေါ့။ ဒါကြောင့်မို့ အေးချမ်းပြီး နယ်မြေအရ လုံခြုံရတဲ့ နေရာတွေပဲ သွားနေတာ တွေ့ရတယ်။ ဒါကြောင့် ယေဘုယျပြောရရင် ဧရာဝတီတိုင်းမှာရှိတဲ့ ကမ်းခြေတွေကို သွားကြတယ်။ ပြီးတော့ ဘားအံ့၊ မော်လမြိုင်ဘက်ကို လာကြတာတွေ့ရတယ်။ အဲ့ဒိကနေ အောက်ဘက်ပိုင်း တနင်္သာရီဘက်ကို သွားကြတာ သိပ်မရှိတော့ဘူး။ ခရီးအားဖြင့်ပြောရရင် ၅နာရီ၊ ၆နာရီလောက်ပဲ ကားမောင်းပြီးသွားလို့ရတဲ့ အကွာအဝေးတွေလောက်ပဲ သွားကြတာ တော်တော်များတယ်။ ၁၂ နာရီ နဲ့ ၁၄ နာရီလောက်ကားမောင်းပြီးသွားရတဲ့ အကွာအဝေးကိုတော့ လူတွေက သိပ်မသွားကြတော့ဘူးနော်။ ဘားအံ၊ မော်လမြိုင်ဘက်က အခုဆိုရင် ကျိုက်ထီးရိုးကို သွားကြတာတွေ့ရတယ်။ ဒါပေမဲ့ အရင်နှစ်တွေထက်စာရင်တော့ အများကြီးတော့ နည်းပါသေးတယ်။ ကရင်ပြည်နယ် ဘားအံဘက်ဆိုရင် ဇွဲကပင်နဲ့ သူ့ဒေသအလှအပ ရှိတဲ့နေရာနဲ့ မြို့ပေါ်ကို လာကြတာရှိတယ်။ မော်လမြိုင်ဆိုရင် ကျိုက်ခမီဘက် သွားကြတာတွေ့ရပါတယ်” လို့ ခရီးသွားလုပ်ငန်းရှင် တဦးက ပြောပါတယ်။

လတ်တလော ပြည်တွင်းခရီးသွားတွေအကြားမှာ  ပင်လယ်ကမ်းခြေဒေသတွေဘက်ကို အသွားများ နေတယ်လို့ လည်း သိရပါတယ်။ 

ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းပူးတွဲလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တဦးက “ ခရီးသွားက ဘယ်လိုဖြစ်နေလဲဆိုရင် ကမ်းခြေဒေသမှာရှိတဲ့ ဟိုတယ်တွေကတော့ သူတို့ သက်ဆိုင်ရာဟိုတယ်အလိုက် Package လေး တွေနဲ့ရောင်းကြတာရှိတယ်။ ၂ ညအိပ် ၃ ရက်အတွက် ဘယ်လောက်ဆိုပြီးတော့ပေါ့နော်။ ပြီးတော့ ခရီးသွား ကုမ္ပဏီတွေကလည်း ရောင်းချတာမျိုးတွေရှိတယ်။ ဒါပေမဲ့  ဆိုရှယ်မီဒီယာနဲ့ဝက်ဘ်ဆိုက်ကနေ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာပြီး လုပ်တာမျိုးတော့မရှိသေးဘူး။ ခရီးသွားတဲ့ပုံစံတွေကလည်း ခရီးသည်ကို တိုက်ရိုက်ရောင်းပြီးတော့ စုပြီးသွားရတဲ့ အရင်ကလို ပုံစံမျိုး မဟုတ်တော့ဘဲ ပြည်တွင်းမှာပဲ မိသားစုလိုက် အုပ်စုလိုက် မိတ်ဆွေတွေစုဖွဲ့ပြီးတော့ သွားတဲ့ပုံစံမျိုး ပဲရှိပါတယ်။” လို့ ပြောပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ဟိုတယ်လုပ်ငန်းအနေနဲ့လည်း  ပြည်တွင်းက ခရီးသွားတွေကိုသာ အဓိကမှီခိုနေရတဲ့အတွက် စျေးနှုန်းက အရင်နှစ်တွေကနဲ့  နှိုင်းယှဉ်ရင် လျှော့ကျမှုရှိနေတယ်လို့ သိရပါတယ်။

“၂၀၁၉ ခုနှစ်နဲ့ပြန်ပြီး ချိန်ကိုက်မယ်ဆိုရင် ၂၀၁၉ ထက်တော့ သက်သာတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ဟိုတယ်တွေကလည်း ပြန်ပြီးတော့ ဖွင့်တဲ့အခါမှာ နဂိုကလိုမျိုး နိုင်ငံခြားသားတွေကို လက်ခံလို့မရတဲ့ အခြေအနေမျိုးလည်း ဖြစ်တယ်။ နောက်တခါ လာတဲ့ခရီးသည်တွေရဲ့ အရေအတွက်ကလည်း အရင်ကလောက်မများတော့ဘူး။ ပြန်လည်း ပြန်ဖွင့် ရတာဖြစ်တဲ့အတွက် ဟိုတယ်တွေက ပြန်ပြီး မိတ်ဆက်ရတဲ့အနေနဲ့ အရင်က ဟိုတယ်အခန်း ၁သိန်းလောက်ယူတဲ့အခန်းက ၆ သောင်း၊ ၇ သောင်းလောက်နဲ့ ရောင်းကြတဲ့သဘောရှိပါတယ်။ ဆိုလိုတာက ရတဲ့အချိန်လေးမှာ ပြည်တွင်းခရီးသွားတွေ အလှမ်းမှီနိုင်တဲ့ စျေးနှုန်းလေးကို offer လုပ်တဲ့သဘောပါပဲ။ ပုံမှန်ပြောရလို့ရှိရင် စျေးနှုန်းက သက်သာတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အရမ်းကြီးသက်သာသွားတာမျိုးတော့ မဟုတ်ပါဘူး”  လို့ ဟိုတယ်လုပ်ငန်းရှင်က ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ  စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ အဆက်မပြတ်ရှိနေသလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်ရှိနေတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ရဲ့အန္တရာယ်ကလည်းရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်၊  သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေနဲ့  ဧရာဝတီတိုင်း ချောင်းသာကမ်းခြေမှာ လူစုလူဝေးနဲ့  ပျော်ပွဲရွှင်ပွဲတွေကျင်းပပြီး ခရီးသွားပွဲတော်ဖွင့်ပွဲတွေ စီစဉ်  ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013