DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာနှစ်အစ ၂ လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅ သိန်းကျော် ပြည်ပတင်ပို့ရောင်းချ
DVB
·
December 6, 2021
ဘဏ္ဍာနှစ်အစ ၂ လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅ သိန်းကျော် ပြည်ပတင်ပို့ရောင်းချ
Donate to DVB

၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျတ် ပထမနှစ်လအတွင်း ပြည်ပကို မြန်မာ့ဆန်နဲ့ ဆန်ကွဲ  တန်ချိန် ၅ သိန်းကျော် တင်ပို့ရောင်းချထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ထုတ်ပြန်ထားချက်အရ  နှစ်ဝက်ဘတ်ဂျတ်ရဲ့ ပထမဆုံးလဖြစ်တဲ့ အောက်တိုဘာလအတွင်း ကုမ္ပဏီ ၃၂ ခုက ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပို့ခဲ့ပြီး နို၀င်ဘာလမှာ ကုမ္ပဏီ  ၃၄ ခုက တန်ချိန် ၂ သိန်း ၈ သောင်းကျော် တင်ပို့ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၄ သိန်း ၇ သောင်းကျော်ရှိပြီး၊ နယ်စပ်ကနေ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့မှုက တန်ချိန်  ၃ သောင်းနီးပါး ရှိပါတယ်။

နို၀င်ဘာလအတွင်း ပြည်ပနိုင်ငံတွေရဲ့ မြန်မာ့ဆန်၀ယ်ယူမှုက အောက်တိုဘာလထက် ဆန်တန်ချိန် ၈ သောင်း၀န်းကျင် ပိုမြင့်တက်ခဲ့ပါတယ်။  ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နယ်စပ်အထွက် နည်းပေမဲ့ ပင်လယ်ရေကြောင်းတင်ပို့မှု အားကောင်းနေတာကြောင့် တင်ပို့မှု မြင့်တက်ခဲ့တာပါ။

ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုမှာ ကုန်သေတ္တာရှားပါးပြီး ငှားရမ်းခ စျေးကြီးမြင့်နေတာကြောင့် သင်္ဘောစင်းလုံးလိုက် တင်ပို့ရောင်းချတဲ့ပုံစံနဲ့ တင်ပို့လာကြတာကြောင့် ပမာဏပိုများလာတာ ဖြစ်နိုင်တယ်လို့ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေလို့ ကုန်သည်တွေက ငွေစျေးနဲ့တွက်ချက်ပြီး မြန်မာဆန်ကို နိုင်ငံတကာ ပေါက်စျေးနှုန်းအောက် လျှော့ရောင်းချလာကြတာကြောင့် ပြည်ပဝယ်လက်တွေက ပို၀ယ်လာကြတယ်လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

“ဒါကတော့ ကိုယ်ရောင်းနိုင်တဲ့ စျေးနဲ့ရောင်းကြတာပေါ့။ ချရောင်းတဲ့သူတွေက ၀ယ်ယူတဲ့ ဆန်ကုန်ကြမ်းစျေးနဲ့ ရောင်းရတဲ့စျေးနဲ့ဆိုရင် အကျိုးအမြတ်ရှိတယ်။  စျေးခေါ်နေတဲ့ သူတွေကျတော့ ချမရောင်းတဲ့အတွက် ၀ယ်သူမရှိဘူး။ ရောင်းရတဲ့သူက ရောင်းရ၊ မရောင်းရတဲ့သူက မရောင်းရပေါ့။” 

နိုင်ငံတကာဆန်စျေးကွက်မှာ မြန်မာဆန်စျေးဟာ တခြားဆန်တင်ပို့ရောင်းချတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ထက်  စျေးနိမ့်ကျနေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ထုတ်ပြန်ထားချက်အရ လက်ရှိနိုင်ငံတကာ ဆန် စျေးကွက်မှာ မြန်မာဆန်စျေးက အမျိုးအစားနဲ့ အရည်အသွေးပေါ်တည်ပြီး  တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၆၂ ကနေ ၄၂၆ ဒေါ်လာကြား ပေါက်စျေးရှိပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ  ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အဲဒီကနေ ပို့ကုန်၀င်ငွေ အမေရိကန်ဒေါ်လာသန်း  ၈၀၀ ၀န်း ကျင် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013