
လူမှုကွန်ရက်တွေမှာ ပျံ့နေတဲ့ မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်က Blacklist လုပ်ထားတယ် ဆိုတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ငြင်းဆို လိုက်ပါတယ်။
မြန်မာ့ကောက်ညှင်းဆန်နဲ့ ကောက်ညှင်းဆန်ကွဲတွေကို တရုတ်နိုင်ငံအပြင် ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ဆီ နှစ်စဉ်ပုံမှန် တင်ပို့ နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
‘Blacklist လုပ်တယ်ဆိုတဲ့ သတင်းက မဟုတ်ပါ၊ အသင်းချုပ်အနေနဲ့ ရှင်းလင်းချက်ကို ထုတ်ပြန် ခိုင်းထားပါတယ်’ လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက မီဒီယာတွေရဲ့မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် အခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ ၃ လအတွင်း တရုတ်နိုင်ငံကို ကောက်ညှင်းဆန်တန်ချိန် ၂,၆၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရရှိထားတယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ဆန်နဲ့ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁,၂၃၅,၉၃၃၊ အမေရိကန်ဒေါ်လာ ၃၉၄ သန်းဖိုး ဝယ်ယူခဲ့တယ်လို့ MRF ကဆိုပါတယ်။
တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြန်မာကောက်ညှင်းဖြူ ဆန်ကွဲတွေမှာ ကုန်သည်တွေက တခြားဆန်ချော၊ ဆန်ကွဲတွေကို ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရောနှောတင်ပို့ခဲ့တာကြောင့် တရုတ်နိုင်ငံဘက်က မြန်မာကောက်ညှင်းကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ပြီး ပြည်ပတင်ပို့ဖို့ အလွန်အခက်ကြုံနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
ဆန်ကုန်သည်တယောက်က “ကောက်ညှင်းဆန်ကို အခြားဆန်တွေနဲ့ရောတာက ဖြစ်နိုင် တယ်။ ဘာလို့ဆို ပြည်ပမပြောနဲ့၊ ပြည်တွင်းကကောက်ညှင်းဆန်တွေတောင် အရင်လောက် မကောင်းတော့ ဘူး။ အရောတွေပါလာတယ်။ ဆန်ချောနဲ့ဆန်ကြမ်းရောထားသလိုပဲ” လို့ ပြောပါတယ်။
MRF ကတော့ ပြည်ပကို ဆန်တင်ပို့ရာမှာ နိုင်ငံတကာအသိအမှတ်ပြု Third Party Inspection အဖွဲ့တွေနဲ့ တရုတ်နိုင်ငံကို တင်ပို့ရာမှာ CCIC ရဲ့အရည်အသွေး၊ အလေးချိန်၊ ရူပ၊ ဓာတုဆိုင်ရာ စစ်ဆေးတာတွေ ပြီးစီးမှ တင်ပို့ရောင်းချတာလို့ ဆိုပါတယ်။
ပြည်ပကိုတင်ပို့တဲ့အခါမှာလည်း ရောင်းသူ၊ ဝယ်သူ နှစ်ဖက်သဘောတူ စာချုပ်တွေ၊ အရည်အသွေး လက်မှတ်၊ နိုင်ငံရဲ့ Pre-shipment နဲ့ Post-shipment Inspection လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ရတာဖြစ်တယ်လို့ MRF ကရှင်းလင်းထားပါတယ်။










