DVB Logo
Home
မြန်မာသတင်း
လူငယ်အကြိုက်ဟာသနှင့်ဗန်းစကားများသုံးကာ တရားဟောသည့် ထိုင်းဘုန်းကြီး ဝေဖန်ခံရသဖြင့် လူဝတ်လဲ
DVB
·
December 3, 2021
လူငယ်အကြိုက်ဟာသနှင့်ဗန်းစကားများသုံးကာ တရားဟောသည့် ထိုင်းဘုန်းကြီး ဝေဖန်ခံရသဖြင့် လူဝတ်လဲ
Donate to DVB

တရားဟောတဲ့အခါ လူအများနားလည်လွယ်တဲ့ အရပ်စကားနဲ့အတူ လူငယ်တွေအကြိုက် ဟာသတွေနဲ့ ဗန်းစကားပါရောနှောသုံးနှုန်း ဟောပြောခဲ့လို့ လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ ထိုင်းဘုန်းကြီး ဖရမဟာဖိုင်းဝမ်းဝွန်းဝမ်းနိုးဟာ ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက် လူဝတ်လဲလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

လူဝတ်လဲပြီဖြစ်ကြောင်း၊ သာသနာ့အဆောင်အယောင်တွေ၊ သာသနာ့အသုံးအနှုန်းတွေ ပြန်လည်အပ်နှင်းပါကြောင်း ဖရမဟာဖိုင်းဝမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပြီး သူနဲ့အတူ တွဲဖက်တရားဟောခဲ့တဲ့ ဖရမဟာဆုမ်ပေါင်း ဘုန်းကြီးထံမှာ သင်္ကန်းအပ် ဝိနည်းသိက္ခာချတဲ့ပုံတွေ တင်ထားခဲ့ပါတယ်။ 

အသက် ၃၀ အရွယ် မဟာဖိုင်းဝမ်းဟာ ကျန်ထပူရီဇာတိဖြစ်ပြီး ၁၂ နှစ်သားအရွယ် ကိုရင်ဘဝနဲ့ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ 

ပထမကြီးတန်း၊ ဓမ္မာ စရိယ တန်းအောင်မြင်ပြီး မဟာကျူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရကာ လက်ရှိ ရမ်ခမ်းဟိုင်တက္ကသိုလ်မှာ ငြိမ်းချမ်းရေးအထူးပြုဘာသာရပ်နဲ့ ပါရဂူတန်း တက်နေပါတယ်။ 

နောက်ဆုံးနေခဲ့တဲ့ ကျောင်းတိုက်မှာ ဘန်ကောက် ဆွဲ့ထောင်းန်ကျောင်းတိုက်ဖြစ်ပြီး စာချကိုယ်တော်အဖြစ် တာဝန်ထမ်းဆောင်သလို လူမှုကွန်ရက်မှာလည်း နေ့စဉ်တရားဟောတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ 

သူ့ရဲ့ဟောပြောခန်းတွေမှာ အာစရိယ ဖရဆုမ်ပေါင်းဘုန်းကြီးကိုပါ မကြာမကြာ ပင့်ဖိတ်ပြီး ကိုယ်တော်နှစ်ပါးဟောကြားချက်ကို ကလေးတွေကပါ နှစ်သက်လို့  မုန်လာဥနီနှစ်လုံး အစီအစဉ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ 

သံဃာနှစ်ပါးဟာ တရားဟောရင်းက ရံဖန်ရံခါ လက်ရှိထိုင်းနိုင်ငံရေးကို ထေ့ငေါ့တဲ့ စကားလုံးတွေပါ ပါလာတာကြောင့်ရော၊ ဘုန်းကြီးဖြစ်ပြီး တည်တည်တံ့တံ့ သိက္ခာနဲ့မနေဘဲ ရယ်ရယ်မောမော ဟာသနှောတာကို ဆရာတော်ကြီးတွေ၊ လူကြီးပိုင်းတွေက ဝေဖန်ပြစ်တင်ကြပါတယ်။ ဝိနည်းနဲ့ညှိစွန်းတယ်ဆိုပြီး သာသနာရေးဝန်ကြီးဌာနကို အတိုင်ခံခဲ့ရပါတယ်။ 

သံဃာ ၂ ပါးကတော့ ကနေ့ခေတ်လူငယ်တွေအနေနဲ့ ဘာသာတရားနဲ့ ကင်းဝေးသွားမှာစိုးလို့ တန်ဖိုးရှိတဲ့ ဗုဒ္ဓတရားတော်တွေကို လူငယ်ကြိုက်စကားလုံးတွေသုံးနှုန်းပြီး ပြန်ဆွဲခေါ်ရတာလို့ ပြောပါတယ်။  

မဟာဖိုင်းဝမ်းဟာ ဒီမတိုင်ခင်က အထက်ဆရာတော်ကြီးတွေ ဖိအားကိုမခံနိုင်တဲ့အဆုံး လိုက်ဖ်လွှင့်ရင်းက မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လူထွက်တော့မယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီကနေ့မှာတော့ အမှန်တကယ် လူထွက်လိုက်ပြီ ဖြစ်ပါတယ်။ 

သူလူထွက်လိုက်တဲ့အပေါ်မှာ ပရိဿတ်အထူးသဖြင့် လူငယ်တွေက အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။ ဆရာဟောတာအမှန်တွေမို့ သင်္ကန်းဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ဆက်လက်အား ပေးသွားမယ့်အကြောင်း၊ တချို့ကလည်း ထိုင်းနိုင်ငံမှ လူကောင်းတွေ ကောင်းကောင်းမနေရဘူး စသဖြင့် ဝေဖန်တာတွေလည်းရှိပါတယ်။ 

သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ follower ပေါင်း  ၂ သန်း ၆ သိန်းကျော်ရှိပြီး ကုန်ပစ္စည်းကြော်ငြာချင်တဲ့လူတွေ စဉ်းစားထားတယ်လို့ သူက နောက်သလိုလိုနဲ့ အတည်ရေးသားထားပါတယ်။ 

ကိုးကား -  https://www.facebook.com/workpointTODAY/photos/a.153956988306921/1781615082207762/  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013