DVB Logo
Home
မြန်မာသတင်း
ဝါသဝကိုယ်တော်လူဝတ်လဲရန် ရွှေဝါရောင်ဆရာတော်များ မိန့်ကြား
DVB
·
August 10, 2024
ဝါသဝကိုယ်တော်လူဝတ်လဲရန် ရွှေဝါရောင်ဆရာတော်များ မိန့်ကြား
Donate to DVB

ပြည်သူကိုသတ်ဖြတ်ဖို့ မိန့်ခွန်းပြောခဲ့တဲ့ ဝါသဝကိုယ်တော်  လူဝတ်လဲပါလို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။

ဩဂုတ် ၇ ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ပြည်သူ့စစ်(ပျူစောထီး) သင်တန်းဆင်းပွဲမှာ ၅၅၀ ကိုယ်တော်လို့ လူသိများတဲ့ ဝါသဝ ကိုယ်တော်က သင်တန်းသားတွေအနေနဲ့ သတ်ရဲဖြတ်ရဲရှိဖို့နဲ့ ပြတ်ပြတ်သားသားဆောင်ရွက်ကြဖို့ မိန့်ခွန်းပြောဆိုခဲ့တာပါ။

ရှမ်းမြောက်ဒေသကို ဗုံးကြဲတိုက်ခိုက်ဖို့နဲ့ မြေကျန်ရင်ရပြီဆိုပြီးတော့လည်း သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး ဝါသဝ ကိုယ်တော်ဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင် ကိုယ်တော်တပါးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်တို့မှာ ပျူစောထီးအင်အားအများအပြားနဲ့ စစ်ကောင်စီဘက်က ရပ်တည်ခဲ့သူဖြစ်ပါတယ်။

ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က “ဒီမှာ ဦးဇင်းတို့ရဟန်းသံဃာတော်တွေက ဘာရှိလဲဆိုတော့ ဒီစစ်အာဏာရှင်ကို ငါတို့ကိုယ်တိုင်ကာကွယ်မှရတော့မယ်။ ပြည်သူကို စစ်အာဏာရှင်ကတော့ သတ်ဖြတ်နေကြပြီဆိုတဲ့အခါမှာ သူတို့က သင်္ကန်းဝတ်ကြီးတွေနဲ့ လက်နက်မကိုင်ကြပါဘူး။ လူထွက်ကြပါတယ်။ လူထွက်ပြီးမှ စစ်သင်တန်းတွေတက်ပြီးတော့ ရဲရဲရင့်ရင့်ကိုင်ကြပါတယ်။ သင်္ကန်းကို ခုတုံးမလုပ်ကြပါဘူး။ ဝါသဝတို့လည်း သူတို့ ယုံကြည်တယ်ဆို လူဝတ်လဲပါ။ သတ္တိရှိရှိ ကိုင်ပါ။ ဒါ သူတို့ ကိုယ်ကြိုက်ရာ ကိုယ်ရပ်တည်တာ။ ဦးဇင်တို့အနေနဲ့သူတို့ကို ပြောပိုင်ခွင့်လည်း မရှိပါဘူး။ ကိုယ်ကြိုက်ရာကို ရဲရဲရင့်ရင့်လုပ်ပါ။ သို့သော်လည်းပဲ ဒီသင်္ကန်းဝတ်ကြီးနဲ့ လက်နက်ကိုင်တယ် စစ်သင်တန်းပေးတယ် လူတွေကိုသတ်ခိုင်းတယ်ဟေ့ဆိုတာကတော့ ဘုရားလည်း အိုးမဲသုတ်ရာ စော်ကားရာကျတယ်၊ တရားကိုလည်းစော်ကားတယ်၊ သံဃာကိုလည်းစော်ကားတယ်၊ သာသနာကိုလည်း စော်ကားတယ်၊ ဦးဇင်းတို့တိုင်းပြည်အနေနဲ့လည်း ကမ္ဘာ့အလယ်ကကြည့်ရင် အင်မတန်မှ ရှက်ဖွယ်လိလိဖြစ်ပါတယ်”

ဝါသဝကိုယ်တော်ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေနဲ့ လူသတ်ဖို့တိုက်တွန်း ဆောင်ရွက်ချက်တွေဟာ ဗုဒ္ဓရဲ့ဝိနည်းကန့်သတ်ချက်တွေထဲက အကြီးမားဆုံး သိက္ခာပုဒ်ကို ချိုးဖောက်နေတာဖြစ်တဲ့အတွက် သံဃာမမည်တော့ဘူးလို့လည်း တန့်ဆည်ဒေသခံ ရဟန်းတပါးက မိန့်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဘက်ကပူးပေါင်းပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲမှာ လူဝတ်လဲခဲ့တဲ့ ဒေသတွင်း နာမည်ကျော်ရဟန်းတွေလည်းရှိခဲ့ပြီး ရည်ရွယ်ချက်ခြင်းကွာခြားသလို ဘာသာရေးကိုလည်း ခုတုံးမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

အရှင်တေဇာန္ဒ(တန့်ဆည်)က “ဝါသဝသည်စစ်တပ်ကိုထောက်ခံတယ်။ စစ်တပ်သည် ယနေ့ပြည်သူကို ဘယ်လိုပြုမူဆောင်ရွက်နေသလဲ ဘယ်လိုဆက်ဆံနေသလဲ ဘယ်လို သဘောထားနေသလဲဆိုတာ အားလုံးအရှင်းကြီးပဲလေနော့။ တိုင်းသူပြည်သားတွေကို ရန်သူသဖွယ် ဆက်ဆံနေတာကိုးဗျ။ ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို တကယ်အစစ်အမှန်ကို မသိတာလား၊ ဒါမှမဟုတ်သိသိကြီးနဲ့ သူသည် အဓမ္မဘက်ကိုတိမ်းစောင်းပြီးတော့မှ စစ်တပ်ကိုကျောထောက်နောက်ခံပြုပြီး ပြည်သူကို နှိပ်စက်နေတာလား လက်တွေ့ပါပဲ။ ဦးဇင်းတို့ တန့်ဆည်နယ်နဲ့ ဝါသဝတို့ဆိုတာ ကပ်ရပ်ဖြစ်နေတာ၊ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီနားမှာ ဆည်းဆာတို့ ပုတီးတို့ဆိုတာ ဝါသဝ ဝင်ပြီးမီးရှို့လို့မို့ အိမ်တွေတော်တော်များများမီးလောင်ကျွမ်းသွားတာ။ ဒါ ဒီရက်ပိုင်းမှာ ဖြစ်တာနော်။ ဆိုတော့ သူ့ရဲ့အပြောအဆိုတွေ အလုပ်အကိုင်တွေ ရပ်တည်ချက်တွေဟာ ဗုဒ္ဓရဲ့ဝိနည်းတော်ထဲမှာ အကြီးမားဆုံး သိက္ခာပုဒ်ကိုချိုးဖောက်ထားသလို ဓမ္မကြောင်းမှာလည်း ဗုဒ္ဓချမှတ်ထားတဲ့လမ်းစဉ်နဲ့ လုံးလုံးဆန့်ကျင်နေတယ်ဆိုတာ ဒီလိုသုံးသပ်လို့ရပါတယ်ဗျ”

စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ပဲခူး ဝင်းနိမိတ္တာရုံဆရာတော်ပျံလွန်တော်မူပြီးနောက် ဇွန် ၂၃ ရက်နေ့ကနေ လက်ရှိအချိန်အထိ ရဟန်းသံဃာတွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၂၂ မြို့နယ် အထိရှိလာပါတယ်။

မြို့ကြီးတွေကရဟန်းတွေကတော့ စစ်ကောင်စီက အန္တရာယ်ပြုနိုင်တာကြောင့် လမ်းပေါ် မထွက်ကြပေမယ့် သိမ်ဝင်ပြီး သပိတ်မှောက်တာ၊ သပိတ်မှာပူးပေါင်းပါဝင်ကြောင်း ဆန္ဒမဲပေးတာတွေ ဆက်တိုက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013