
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ဟာ စစ်ကောင်စီရဲ့ ဝင်ငွေရတဲ့လုပ်ငန်းဖြစ်သလို စစ်ရေးအရ အသုံးပြုနေတဲ့ လေကြောင်းလိုင်းဖြစ်တဲ့တွက် ပြည်သူတွေအနေနဲ့ လိုက်ပါစီးနင်းတာ မလုပ်ကြဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး သိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နိုင့်ငံဘဏ္ဍာငွေနဲ့ ငွေဝင်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအားလုံးကို ထိန်းချုပ်ထားလိုက်တာဖြစ်ပါတယ်။
အဆိုပါ စီးပွားရေးလုပ်ငန်းတွေကရတဲ့ ဘဏ္ဍာငွေတွေကို အသုံးပြုပြီး စစ်ဗျူရိုကရက် ယန္တရားကို လည်ပတ်စေကာ ပြည်သူလူထုကိုဖိနှိပ်၊ တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖြိုခွင်းတာတွေ လုပ်ဆောင်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းကနေ အကြမ်းဖက်စစ်အုပ်စုတွေဟာ ဝင်ငွေရရှိနေတယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ကရင်နီပြည်အတွင်းသို့ တပ်အင်အားတွေနဲ့ လက်နက်ရိက္ခာတွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်တင် လေယာဥ်တွေနဲ့ သယ်ယူပို့ဆောင်နေတယ်လို့ လည်း ဆိုပါတယ်။
ဒါ့ကြောင့် MNA လေကြောင်းလိုင်းကို ပြည်သူတွေ လိုက်ပါစီးနင်းတာမလုပ်ဖို့၊ လွိုင်ကော်လေဆိပ်မှာလည်း စစ်လေယာဉ်တွေ ဆင်းသက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးအသိနဲ့ လေကြောင်းလိုင်းအသုံးပြုပြီး ခရီးမထွက်ဖို့ (KNDF)က အထူးတိုက်တွန်းထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကိုလည်း ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ရက်အကန့်အသန့်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။
လွိုင်ကော် ဖားဆောင်းကို သွားနိုင်တဲ့လမ်းကတော့ ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲ လမ်းပိုင်းနဲ့ ဖရူဆိုထားလဲ ဘောလခဲလမ်းကနေ သွားနိုင်ပါတယ်။ ဖရူဆိုထားလဲ ဘောလခဲလမ်းမှာ တံတားဖျက်ထားတဲ့အတွက် သွားလာလို့အဆင်မပြေသလို အခု ဒီးမော့ဆို-ဒေါသမကြီး - ဘောလခဲလမ်းပါ ပိတ်ထားတာကြောင့် ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ဘက်မှာ ကုန်ပစ္စည်းပြတ်ပြီး ဈေးကြီးမြင့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Photo- MNA