DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် မပြန်နိုင်သေး
DVB
·
December 2, 2021
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် မပြန်နိုင်သေး
Donate to DVB

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာ တစ်နှစ်ကျော်အထိ ကြာမြင့်လာပေမယ့် စစ်ဘေးရှောင်တွေ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာပေမယ့် စစ်ကောင်စီ နဲ့ အေအေဘက်ကပါ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘာမှ လာရောက် အကြောင်းကြားတာ မရှိသေးပါဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ စစ်ရှောင်တွေ မိမိတို့မူလနေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကျေးရွာအနီးအနားမှာ တိုက်ပွဲတချို့ ပြန်ဖြစ်ခဲ့တာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က တပ်စွဲထားတာတွေရှိပြီး ရွာမှာရှိတဲ့ နေအိမ်တွေကလည်း မီးရှို့ခံထားရကာ သုံးနှစ်လောက် လူနေထိုင်ခြင်း မရှိသေးတဲ့အတွက် အားလုံးနီးပါး ပျက်စီးသွားကြပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီ တိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူ ၃ဝဝ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

အေအေနဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံခဲ့ကြရပြီး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တရားစွဲခံခဲ့ ၂ဝဝ ကျော်အထိ ရှိခဲ့သလို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်စုစုပေါင်း ၂ သိန်းလောက်အထိ ရှိခဲ့တာပါ။

လမ်းမကျောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းက "ကျနော်တို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဗျူဟာနဲ့ ထွေအုပ်က စာရင်းတွေ တောင်းခဲ့ပါတယ်။ ကျနော်တို့က  နေရပ်ပြန်ဖို့ အချက် ၅ ချက်ကို တောင်းဆိုခဲ့ပါတယ်။ နေထိုင်ရန်အိမ်တွေ ဆောက်ပေးရမယ်။ စားနပ်ရိက္ခာထောက်ပံ့ရမယ်။ စစ်လက်နက် အကြွင်းအကျန်တွေ ရှင်းလင်းပေးရမယ်။ နှစ်ဖက်စလုံးက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို တာဝန်ယူပေးရမယ်။ နောက်တစ်ခုက ကျေးရွာအတွင်းနဲ့ ကျေးရွာတွေအနီးက စစ်စခန်းတွေကို ရုပ်သိမ်းပေးရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအထိ ပြန်လည်အကြောင်းကြားတာ မရှိဘူး"လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်တွေထဲမှာ ရပ်ရွာအနီးတိုက်ပွဲတွေ ဖြစ်လို့  နေအိမ်တွေ မီးလောင်ပျက်စီးသွားခံခဲ့ရသူတွေ ပါဝင်သလို ရပ်ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲလို့  မိသားစုတွေ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ကြပါတယ်။

ကျေးရွာအနီး၊ တောတောင်တွေမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာသူတွေလည်း အများအပြား ရှိခဲ့ပါသေးတယ်။ ရခိုင်မှာ တစ်နှစ်ကျော်အထိ တိုက်ပွဲတွေ မဖြစ်ဘဲ တည်ငြိမ်နေချိန်မှာ စစ်ဘေးရှောင် အများအပြားဟာ မိမိရပ်ရွာတွေကို ပြန်ချင်ကြပေမယ့်  မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကို အစိုးရက ရှင်းလင်း မပေးသေးသလို့ ကျေးရွာတွေအနီး စခန်းချနေရာမှုတွေ ရှိနေကြတာကြောင့် နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေကြတာပါ။

ကောက်ယူရရှိထားတဲ့ စာရင်းအရ ‌စစ်ရှောင်စခန်းတွေဟာ စစ်တွေမြို့နယ်အတွင်း စခန်း ၉ ခု၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စခန်း ၇ ခု၊ ရသေ့တောင်မြို့နယ်အတွင်း စခန်း ၂၈ ခု၊ ပေါက်တောမြို့ နယ်အတွင်း စခန်း ၄ ခု၊ မြောက်ဦးမြို့ နယ်အတွင်း စခန်း ၂၆ ခု၊ မင်းပြားမြို့နယ်အတွင်း စခန်း ၁၆ ခု၊ ကျောက်တော်မြို့နယ်အတွင်း စခန်း ၄ ခု၊ မြေပုံမြို့နယ်အတွင်း စခန်း ၆ ခု၊ ဘူးသီးတောင်မြို့နယ်အတွင်း စခန်း ၂၀ ခု၊ အမ်းမြို့နယ်အတွင်း စခန်း ၅ ခုတို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013