DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ ဈာပန ကျင်းပ
DVB
·
November 30, 2021
အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ ဈာပန ကျင်းပ
1 / 15
Donate to DVB

စစ်ကောင်စီရဲ့ စစ်ကြောရေးကနေ ပြန်လွတ်လာပြီး တစ်လကျော်အကြာမှာ ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ရဲ့ ဈာပနကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပပါတယ်။

မုံရွာအောင်ရှင် (ဦးအေးကြူ) အသက် ၇၇ နှစ်ဟာ နိုဝင်ဘာ ၂၈ ရက်မနက် ၆ နာရီခွဲလောက်က နှလုံးသွေးကြောပိတ်ရောဂါနဲ့ တာမွေမြို့နယ် မလွှကုန်းနေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ 

မကွယ်လွန်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နှလုံးသွေးကြောပိတ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့သေးတယ်လို့ သိရပါတယ်။

မုံရွာအောင်ရှင်ဟာ စစ်တပ်က နိုင်ငံအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တည်းက စစ်ကြောရေးမှာ ဖမ်းဆီးခံရပြီး အောက်တိုဘာ  ၁၈ ရက်မှာ ပြန်လွတ်လာတာပါ။

ကဗျာဆရာတဦးလည်းဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ အန်အယ်လ်ဒီက ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရက်စွဲသမိုင်း မှတ်တမ်းစာအုပ် ၁၉၈၈ - ၂၀၁၀ ကိုလည်း နှစ်ပေါင်းများစွာ ပြုစုရေးသားခဲ့သူဖြစ်ပါတယ်။ 

မုံရွာအောင်ရှင်ဟာ အန်အယ်လ်ဒီပါတီ စတင်တည်ထောင်စဉ်ကတည်းက အဖွဲ့ချုပ်နဲ့အတူ အေးအတူပူအမျှ လက်တွဲမဖြုတ်စတမ်း ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီက ဝမ်းနည်းကြေကွဲ‌ကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။

မုံရွာအောင်ရှင်ကွယ်လွန်သွားတာဟာ အဖွဲ့ချုပ်အတွက်သာမက စာပေလောကအတွက်ပါ များစွာ ဆုံးရှုံးနစ်နာရတဲ့ အကြောင်းနဲ့ ဆရာမုံရွာအောင်ရှင်ရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သမိုင်းမော်ကွန်းတင်တယ်လို့လည်း အန်အယ်လ်ဒီရဲ့  သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မုံရွာအောင်ရှင်၏ ဘဝဖြတ်သန်းမှုအကျဉ်း 

၁၉၄၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မုံရွာမြို့နယ်၊ ခိုးသန်းရွာ၌ အဘ ဦးဖိုးဝင်း၊ အမိ ဒေါ်တင်တို့မှ မွေးဖွားသည်။ အထက်တန်းကို အ.ထ.က ၁ မင်္ဂလာတောင်ညွှန့်မှ အောင်မြင်သည်။ 

၁၉၆၇ တွင် ရန်ကုန်ဆရာအတက်သင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၀ မှစ၍ ဂီတပဒေသာ၊ ပန်၊ စာမော်ကွန်း၊ စပယ်ဖြူ မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

“ပြည်သူ့ကဗျာ၊ ပြည်သူ့နှလုံးသား”၊ “စိန်ပန်းတစ်ပွင့် နေကြာတစ်ပွင့်” စသည့် ကဗျာစာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။ 

၁၉၇၀ မိုးဝေခေတ်ပေါ်ကဗျာလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဘာသာပြန်ကဗျာများစွာ ရေးသားခဲ့သည်။

၁၉၇၆ မှ ၂၀၁၀ အထိ စာပေရေးသားထုတ်ဝေခွင့် ပိတ်ပင်ခံရသည်။ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တွင် နိုင်ငံရေး လုပ်ရှားမှုများဖြင့် အကြိမ်ကြိမ်ဖမ်းဆီးထိန်းသိမ်းခံရသည်။

၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်မှစ၍ မုံရွာမြို့နယ် အဖွဲ့ချုပ် ဥက္ကဌ၊ စစ်ကိုင်းတိုင်း အဖွဲ့ချုပ် ဒုဥက္ကဌ တာဝန်ယူခဲ့သည်။

ထို့နောက် ကွယ်လွန်သွားချိန်အထိ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဒီလှိုင်းဂျာနယ် တာဝန်ခံအယ်ဒီတာလည်းဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ်ဆောင် ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်တွင် ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည်လွတ်လာခဲ့သည်။ 

နိုဝင်ဘာလာလအတွင်း နှလုံးရောဂါကြောင့် ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်တွင် တက်ရောက်ကုသမှုခံယူခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် မနက် ၆ နာရီခန့်တွင် နေအိမ်၌ ကွယ်လွန်ခဲ့သည်။ 

ဆရာမုံရွာအောင်ရှင်သည် ကဗျာစာအုပ်များအပါအဝင် အခြားသော စာအုပ်များစွာရေးသားခဲ့သလို နောက်ဆုံးရေးသားခဲ့သော စာအုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈-၂၀၁၀) စာအုပ်ဖြစ်သည်။

REF:NLD

Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013