DVB Logo
Home
မြန်မာသတင်း
ထန်တလန်တွင် စစ်တပ်က ပစ်ခတ်မီးရှို့သဖြင့် ဘုရားကျောင်းနှင့် နေအိမ် ၁၀၀ ခန့် မီးလောင်ဆုံးရှုံး
DVB
·
November 29, 2021
ထန်တလန်တွင် စစ်တပ်က ပစ်ခတ်မီးရှို့သဖြင့် ဘုရားကျောင်းနှင့် နေအိမ် ၁၀၀ ခန့် မီးလောင်ဆုံးရှုံး
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ထပ်မံဖြစ်ပွားတဲ့ ဒုတိယအကြိမ်အကြီးစားမီးလောင်မှုမှာ ကတ်သလစ်ဘုရားကျောင်းတကျောင်း  အပါအဝင် နေအိမ် ၉၆ လုံးမီးလောင်ပျက်စီးသွားတယ်လို့ ထန်တလန်မြို့နယ်နေရာချထားရေးကော်မတီက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေက  ထန်တလန်မြို့  ဇုန်မွှန်ရပ်ကွက်မှာ ၄၁ အိမ်၊ စိုက်ပျိုးရေးရပ်ကွက်မှာ ၃၉ အိမ်နဲ့ လုံတီာလ်ရပ်ကွက်မှာ ၁၆ အိမ်မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

စက်တင်ဘာ ၉ ရက်ကစပြီး နိုဝင်ဘာ ၂၇ ရက် အထိ ထန်တလန်မြို့မှာ မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

အောက်တိုဘာ ၂၉ ရက်နေ့တုန်းက ပထမအကြိမ် အကြီးစားမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး နေအိမ် ၁၆၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

ထန်တလန်မြို့မှာ ပြည်သူတွေမနေထိုင်တော့ပေမယ့် စစ်ကောင်စီတပ်က  အခုလိုမီးရှို့တာဟာ မြို့ထဲမှာ CDF တွေခိုလှုံပြီး သူတို့တပ်စခန်းတွေ လုံခြုံရေးအတွက် ပစ်ကွင်းမသာအောင်ဆောင်ရွက်တာလို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ် ၉ မြို့နယ်ထဲက မြောက်ပိုင်းမှာရှိတဲ့ တွန်းဇံမြို့နယ်ကလွဲပြီး ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ မြို့နယ် ၈ ခုမှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိ ဆလိုင်းထက်နီက "ထန်တလန်မှာ ဟိုနေ့က မီးရှို့တာက အဓိကက ထန်တလန်မှာ အခြေချတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကုန်းကြောင်းကနေ စစ်ကူမပေးနိုင်တဲ့အခါမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာခဲ့သော်ဆိုပြီးတော့မှ သူတို့လုံခြုံရေးအတွက် ပြည်သူ့အိုးအိမ်တွေကို မစာမနာဘဲ မီးရှို့ပြီးတော့ ကျနော်တို့ အကာအကွယ်မယူနိုင်အောင် လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ အမြတ်တနိုးထားတဲ့ ဘုရားကျောင်းတွေကိုလည်း ရှို့ပါတယ်။ ပြည်သူတွေဘဝ ပြန်လည်ထူထောင်လို့ မရတော့အောင်လုပ်တာတွေရှိပါတယ်။ တိုက်ပွဲတွေပို ဖြစ်ပွားလာမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။"

စစ်ကောင်စီက ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနဲ့ တောင်ပိုင်း မတူပီဗျူဟာဆိုပြီး အနော်ရထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာပါ။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ဆောဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး အင်အားနည်းတဲ့နေရာတွေကို အရင်ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေတာမျိုး ဖြစ်နိုင်တယ်လို့ မင်းတပ် CDF ခေါင်းဆောင်တစ်ယောက်က သုံးသပ်ပါတယ်။ 

မင်းတပ် CDF တာဝန်ရှိသူတစ်ဦး "ကန်ပက်လက်ဘက်မှာ လှုပ်ရှားမှုတွေရှိနေတယ်။ မင်းတပ်ဘက်မှာ လှုပ်ရှားမှုမရှိသေးဘူး။ ဆောတို့ ကန်ပက်လက်တို့ဘက်ကို စစ်အရင်ထိုးချင်ပုံရတယ်။ အင်အားပျော့တဲ့နေရာကို အရင်တိုက်ချင်ပုံရတယ်။ မနေ့ကတော့ ကန်ပက်လက်မြို့ပေါ်မှာ ပစ်ခတ်မှုတော့ဖြစ်ခဲ့တယ်။ ထန်တလန်ကိစ္စကတော့ ကြွက်မနိုင်ကျီမီးနဲ့ရှို့တဲ့ ကိစ္စဖြစ်တယ်။ မတရားအကြမ်းဖက်လုပ်ရပ်တွေ စစ်ကျင့်ဝတ်နဲ့ မညီတာတွေကို လောလောဆယ်လက်ပိုက်ကြည့်နေရတယ်။ မိုးကောင်းတုန်းရွာထားပေါ့လေ။ ရှုတ်ချစရာလည်းမရှိဘူး။ ရှုတ်ချနေလို့လည်း မထူးဘူးလေ။ တော်လှန်ရေးပြီးရင်တော့ အဲ့ဒီမှာရှိခဲ့တဲ့သူတွေ တပ်ရင်းတွေက တာဝန်ယူမှုတာဝန်ခံမှုနဲ့ သူတို့ကျူးလွန်ခဲ့တဲ့အတိုင်း ဥပဒေနဲ့ ပြစ်မှုခံရမှာပါပဲ။ အဲလိုမျိုးပဲပြောချင်ပါတယ်။"

ချင်းပြည်နယ်ထဲမှာ လူဦးရေ ၅ သိန်းကျော်နေထိုင်ပြီး ပြည်သူတွေဟာ စစ်ဘေးဒဏ်ကြောင့် စားဝတ်နေရေး ခက်ခဲနေပါတယ်။ 

နို၀င်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်လောက်ကလည်း ထန်တလန်မြို့မှာ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့် ဇွန်မွှန်ရပ်ကွက်က Thantlang Centenary Baptist Church (TCBC) အပါအ၀င် အိမ် ၄၉ လုံး ပြာကျသွားတယ်လို့ ဒေသခံ CDF တွေက အတည်ပြုခဲ့ပါတယ်။

ထန်တလန်က နေအိမ်တွေ မီးရှို့တာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်တော့ PDF တွေ ရှို့တာလို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။ 

ဒေသခံဘာသာရေးခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီတပ်က ပစ်ခတ်  မီးရှို့တာဖြစ်တယ်လို့ အခိုင်အမာပြောဆိုကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013