DVB Logo
Home
မြန်မာသတင်း
မိုးမောက် ခလရ ၄၃၇ တပ်အနီး ဗုံးပေါက်၊ စစ်တပ်က ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး
DVB
·
November 29, 2021
မိုးမောက် ခလရ ၄၃၇ တပ်အနီး ဗုံးပေါက်၊ စစ်တပ်က ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကြံခင်းရွာအနီးက ခလရ ၄၃၇ တပ်နားမှာ နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က မြို့တွင်းဝင်ရောက် ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ယာဉ်တန်းကို ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KIA က မိုင်းဆွဲတိုက်ခိုက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ၁ နာရီခန့်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း ပစ်ခတ်ဝင်ရောက်ပြီး  လမ်းသွားလမ်းလာနဲ့ ဒေသခံတချို့ကို ဖမ်းဆီးခဲ့တယ်လို့ မိုးမောက်မြို့ခံ တစ်ဦးကပြောပါတယ်။

“လက်နက်ကြီးသံ ၁၃ ချက်လောက်ကြားရတယ်။ ဗုံးပေါက်ကွဲသံရောပဲ။ တိုက်ပွဲဖြစ်တဲ့နေရာက ဒေသခံတွေ မြို့ထဲ တိမ်းရှောင်လာကြတယ်။ စစ်သားတွေက  မြို့ထဲဝင်လာပြီး ပစ်ခတ်ခဲ့တယ်။ အဲဒီနောက် ဒေသခံ အမျိုးသမီး၊ လူငယ်၊ လူကြီး၊ ကလေးတွကို ဖမ်းဆီးခဲ့တယ်။” 

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံး ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ဒေသခံ ၃၀ လောက်ကို ဖမ်းဆီးခဲ့ကာ အမျိုးသမီး တချို့နဲ့ လူကြီးတချို့ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး လူငယ်တချို့ကိုတော့ ခလရ-၄၃၇ တပ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပေမဲ့ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းအထိ ဘယ်နှဦး ခေါ်ဆောင်သွားလဲဆိုတာ အတည်မပြု နိုင်သေးပါဘူး။

ဖောက်ခွဲတိုက်ခိုက်မှုတွေ များလာတဲ့ မိုးမောက်မြို့အဝင်အထွက်တိုင်းမှာ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံ KIA ထံ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိုးမောက်မြို့နယ်အတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဗုံးပေါက်ကွဲတာတွေ၊  တိုက်ပွဲဖြစ်ပွား တာတွေ အချိန်အတန်ကြာ ငြိမ်သက်နေရာမှာ အခုအခါ ပြန်လည်ဖြစ်ပွားလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013