DVB Logo
Home
မြန်မာသတင်း
မကွေတိုင်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ကို အဂတိမှုများဖြင့် စစ်ကောင်စီ တရားစွဲ
DVB
·
November 26, 2021
မကွေတိုင်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ကို အဂတိမှုများဖြင့် စစ်ကောင်စီ တရားစွဲ
Donate to DVB

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးတာအပါဝင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတချို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး တရားစွဲဆိုထားတယ်လို့ အမှုလိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေထံက သိရပါတယ်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာကို စစ်ကောင်စီဘက်က ဦးမိုးကျော်လွင်က တရားလိုပြုလုပ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်အဆောက်အုံ တည်ဆောက်ရာမှာ လွှတ်တော်ပုံစံကို အခမဲ့ဒီဇိုင်းဆွဲပေးတယ်လို့ စာချုပ်မှာဖော်ပြမထားတာနဲ့  အဆောက်အုံတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သိန်း ၈၄၀ ကျော်ကို ဗိုလ်ချုပ်အောင်ဆန်းလွှတ်တော်တက်နေဟန် စကျင် ကျောက်ရုပ်တု ပြုလုပ်ခဲ့တာ ကြောင့် တရားစွဲတာလို့ တရားလွှတ်တော် ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

ဖမ်းဆီးထောင်ချခံနေရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုတော့  စစ်ကောင်စီက အဂတိအမှု  ၆ မှုနဲ့ တရားစွဲထားတာပါ။

၂၀၂၀ စက်တင်ဘာလက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် DENKO ကုမ္ပဏီ ဥက္ကဋ္ဌ  ဦးချစ်ခိုင်ကပေးအပ်တဲ့ ​ငွေကျပ်သိန်း ၅၀၀ ကို ချောက်မြို့ DENKO ဆီဆိုင်မှ မန်နေဂျာ ဦးမြဝင်းအောင်ဆီကတဆင့် လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီကိုယ်စားလှယ် ဦးမိုးကျော်လွင်က တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားတာလို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့ကို စစ်ကောင်စီဘက်က ဦးသိန်းဇော်ဦးက တရားလိုပြုလုပ်ပြီးတော့ ပညာရေးကောလိပ် သင်တန်းသား အိပ်ဆောင်တည်ဆောက်ရာမှာ တင်ဒါအဆင့် (၁)ရရှိတဲ့ မကွေးအောင်မင်း ကုမ္ပဏီကိုမရွေးချယ်ဘဲ အဆင့် (၄) သာရရှိခဲ့တဲ့ ကျော်သာကုမ္ပဏီကို ရွေးချယ်ခဲ့တာကြောင့် နိုင်ငံတော်အနေနဲ့ ကျပ်သိန်း ၁၃၀ ကျော်ပိုမို ကုန်ကျခဲ့တာကြောင့် အဂတိတိုက်ဖျက်ရေး အမှုနဲ့ စွပ်စွဲ တရားစွဲဆိုခံထားရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်အပါအဝင်  အထက်ပါဝန်ကြီး ၃ ဦးကို ဦးသိန်းဇော်ဦးကတရားလိုပြုလုပ်ကာ တခြားတင်ဒါလုပ်ငန်းတစ်ခုမှာလည်း  အဆင့်(၁)ရရှိတဲ့ မကွေးအောင်မင်း ကုမ္ပဏီကို မရွေးချယ်ဘဲ အဆင့် (၄) ရရှိတဲ့ ကျော်သာ ကုမ္ပဏီကို ရွေးချယ်ခဲ့တာကြောင့် နိုင်ငံတော်အနေနဲ့ ငွေကျပ် သိန်း ၃၁၀ ကျော်ထိခိုက်နစ်နာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။

ပခုက္ကူ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းမှာလည်း မကွေးအောင်မင်းကုမ္ပဏီကို ခွင့်မပြုဘဲ KINETIC ARTS ကုမ္ပဏီကိုလုပ်ပိုင်ခွင့်ပေးခဲ့တာကြောင့် နိုင်ငံတော်အနေနဲ့ ငွေကျပ် သိန်း ၉၀ ကျော် ပိုကုန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးတို့ကို တရားစွဲထားတယ်လို့လည်း သိရပါတယ်။

ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဦးတင်နွယ်ဦး တစ်ယောက်တည်းကို ကုမ္ပဏီ ၃ ခုကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆောက်အအုံဆောက်လုပ်ဖို့ ဆိုပြီး ငွေကျပ် သိန်း ၆၀ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲထားပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ နှစ်ဦးဟာ ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြဘဲ တိုင်းအစိုးရရဲ့ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သန်း ၂၄၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်တွေကို ထုတ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်စေမှုနဲ့လည်း  တရားစွဲဆို ခံထားရပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်တို့ကို ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကွက် ၁၅ ကွက်က မြေဧက ၅၆၉ ဧကကို သက်တမ်းမတိုးဘဲ ၂ နှစ်တိတိ လုပ်ကိုင်ခွင့်ပေးထားတာကြောင့် နိုင်ငံတော်အနေနဲ့ မြေငှားရမ်းခ သိန်း ၃၀၀၀ ကျော်ထိခိုက်နစ်နာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တာရားစွဲဆို ခံထားရပါတယ်။

သယံဇာတဝန်ကြီး ဦးမြင့်ဇော်ကတော့ ထွက်ပြေးတမ်းရှောင်နေတာကြောင့် အဲဒီတိမ်းရှောင်နေတဲ့ အမှုကိုလည်း စစ်ဆေးပြီးသွား ပြီးလို့ ရှေ့နေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဦးသိန်းဇော်ဦးနဲ့ ဦးမိုးဇော်လွင်တို့က တရားလိုပြုလုပ်ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးကို နိုင်ငံရေးရာထူးရှိစဉ်မှာ အစိုးရရဲ့ပိုင်ဆိုင်မှု ငွေကြေးပစ္စည်းထိခိုက်ဆုံးရှုံးနစ်နာစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၅ အရ တရားစွဲဆိုခံထားရတာလို့ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာ   ထောင်ဒဏ် ၂ နှစ် ချမှတ်ထားရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို မတရားသိမ်းယူပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင်  နိုင်ငံခေါင်းဆောင် တွေကို ဖမ်းဆီးထိန်းသိမ်းကာ  အဂတိလိုက်စားမှုအပါအဝင် အမှုမျိုးစုံနဲ့ စွဲချက်တင် တရားစွဲကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင်တွေနဲ့ ဝန်ကြီးချုပ်တွေကို စစ်ကောင်စီက အခုလို အဂတိလိုက်စားမှုတွေနဲ့ စွပ်စွဲ အမှုဖွင့် ထောင်ချနေပေမဲ့ အဂတိလိုက်စားထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကတော့ ခုချိန်အထိ တခုမှ ပြနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013