
ချင်းပြည်နယ် မတူပီမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က မတူပီ-CDF နဲ့ CNA တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ မတူပီ CDF တပ်ဖွဲ့က နေ သိရပါတယ်။
မတူပီ-ပလက်ဝ လမ်းပေါ်မှာ အခြေစိုက်ထားတဲ့ ခမရ- ၃၀၄ တပ်ရင်း ကင်းစခန်းကို မနေ့ နေလယ် ၁ နာရီခွဲလောက် မတူပီ CDF နဲ့ CNA တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ကင်းစောင့်နေတဲ့ တပ်သား ၂ ယောက်သေဆုံးသွားပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ မတူပီ CDF နဲ့ CNA ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခမရ-၃၀၄ တပ်ရင်းက တပ်သားတွေဟာ မတူပီ-ပလက်ဝလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်စစ်ဆေးတာတွေ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတူပီ-ပလက်ဝ လမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ၊ကျန်းမာရေးကိစ္စတွေအတွက် မတူပီမြို့ပေါ်ကို သွာလာရခက်ခဲနေတာကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတဲ့ စစ်ကောင်စီတပ်တွေကို ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မတူပီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၃၅၀၀ လောက်ရှိနေပြီးတော့ စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။
မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီကတော့ သီးခြားအတည်မပြနိုင်သေးပါဘူး။