DVB Logo
Home
Lead Story
အမျိုးသမီးတွေကျရှုံးရင် နိုင်ငံတွေကျရှုံးတယ်
DVB
·
November 25, 2021
အမျိုးသမီးတွေကျရှုံးရင် နိုင်ငံတွေကျရှုံးတယ်
1 / 2
Donate to DVB

နိုဝင်ဘာ ၂၅ ရက်နေ့ကို ‘အမျိုးသမီးများကို အကြမ်းဖက်မှု ဖယ်ရှားရေးနေ့’ (International Day for the Elimination of Violence Against Women) လို့ ကုလသမဂ္ဂက ကြေညာထားပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်အောင် ဘယ်လောက်ပဲ နိုင်ငံတကာအဖွဲ့အစည်းတွေက ပညာပေးလှုံဆော်နေနေ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုပုံစံမျိုးစုံကို ကြုံနေရဆဲပါပဲ။ 

ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ စစ်တမ်းတွေအရ တကမ္ဘာလုံးမှာ အမျိုးသမီးသုံးဦးအနက် အနည်းဆုံး တဦးက အနိုင်ကျင့်အကြမ်းဖက်ခံရမှု ကြုံတွေ့ဖူးတယ်လို့ ဖော်ပြတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေးကာလနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုအရေအတွက် အလွန်မြင့်မားလာတယ်။ ပဋိပက္ခရှိတဲ့ ၁၃ နိုင်ငံကို လေ့လာမှုအစီရင်ခံစာအရ အမျိုးသမီးသုံးဦးအနက် နှစ်ဦးဟာ အကြမ်းဖက်မှုပုံစံမျိုးစုံ တွေ့ကြုံရပြီး အဓိကအကြောင်းက စားနပ်ရိက္ခာနဲ့ပတ်သက်နေတယ်။ အကြမ်းဖက်မှုကြုံရတဲ့အမျိုးသမီး ၁၀ ဦးအနက် တဦးက ရဲဌာနကို အကူညီတောင်းခံရတယ်လို့ ဖော်ပြတယ်။ 

နိုင်ငံတွေကိုလေ့လာချက်တွေအရ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခြင်းက အမျိုးသမီးတွေကိုချည်းပဲ ဆိုးရွားစေတာ မဟုတ်ဘဲ၊  အမျိုးသားတွေအတွက်ပါ ထိခိုက်နစ်နာစေတယ်၊ နောက်ဆုံး လူ့အဖွဲ့အစည်းတွေပါ ဆင်းရဲတွင်း နက်လာပြီး မတည်ငြိမ်မှုတွေ ဖြစ်စေတယ်လို့ ဖော်ပြပါတယ်။ အခုနောက်ပိုင်း နိုင်ငံတွေရဲ့တည်ငြိမ်မှု လေ့လာရာမှာ အကဲဆတ်နိုင်ငံများညွှန်းကိန်း (Fragile States Index) ကိုပါ စောင့်ကြည့်တယ်။ အဲဒီမှာပါတဲ့ အချက်တခုက ‘လိင်ခွဲခြားမှုတွေက ကမ္ဘာတလွှား အုပ်ချုပ်ရေးနဲ့ အမျိုးသားလုံခြုံရေးအပေါ် ဘယ်လောက် လွှမ်းမိုးပုံဖော်သလဲ’ ဆိုတာပါ။ 

Ms Hudson, Ms Bowen and Ms Nielsen ဆိုတဲ့ ပညာရှင်သုံးဦးက သူတို့အမည်ပေးထားတဲ့ ဖခင်များ/ ညီအစ်ကိုများ ကြီးစိုးချုပ်ကိုင်မှု မဟာဖိုဝါဒရောဂါ (patrilineal/fraternal syndrome) နဲ့  ၁၇၆ နိုင်ငံကို တိုင်းတာတယ်။ အဲဒီရောဂါထဲမှာ မိသားစုထဲ အမျိုးသမီးတွေကို မညီမမျှဆက်ဆံမှု၊ ပစ္စည်းဥစ္စာနဲ့အမွေခွဲဝေရာမှာ မညီမျှမှု၊ မိန်းကလေးများ အရွယ်မတိုင်မီအိမ်ထောင်ကျမှု၊ မိဘရဲ့ အတင်းဖိအားပေးအိမ်ထောင်ချထားမှု၊ အမျိုးသားတဦး မယားများစွာယူနိုင်မှု၊ မိန်းကလေးဘက်က တင်တောင်းရမှု၊ သားကို ဦးစားပေးမှု၊ အဓမ္မအကြမ်းဖက်မှု၊ အမျိုးသမီးတွေ နိမ့်ကျတယ်လို့ လူမှုအသိုင်းအဝိုင်းက ရှုမြင်မှု၊ လုပ်ငန်းခွင်ခွဲခြားဆက်ဆံခံရမှု စတဲ့အချက်တွေ ပါဝင်တယ်။ နိုင်ငံတွေကို အဲဒီရောဂါနဲ့ကြည့်ပြီး အမှတ် ‘၀’ ကနေ ‘၁၆’ ပေးတယ်၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှု အနိမ့်ဆုံးနိုင်ငံက ရမှတ် ‘၀’ ဖြစ်ပြီး၊ အများဆုံးနိုင်ငံက ရမှတ် ‘၁၆’ ဖြစ်ပါတယ်။

အောက်ကဇယားမှာ ပြထားတဲ့အတိုင်းပါပဲ။ ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံကြီးတွေဖြစ်တဲ့ ဩစတြေးလျ၊ ဆွီဒင်၊ ဆွစ်ဇာလန်တို့က အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အကြမ်းဖက်မှု အနည်းဆုံးဖြစ်အောင် စီမံနိုင်တဲ့အတွက် ရမှတ် ‘၀’ နဲ့ တည်ငြိမ်တဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။ အီရတ်၊ နိုက်ဂျီးရီးယား၊ ယေမင်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် တို့ဟာ ရမှတ် ‘၁၅’ မို့ ဆိုးရွားလှပါတယ်။ တောင်ဆူဒန်ကတော့  ရမှတ် ‘၁၆’ မို့ အကြမ်းဖက်မှု အဆိုးဆုံးပါ။ အမျိုးသမီးအကြမ်းဖက်မှုက ဆင်းရဲတဲ့နိုင်ငံတွေချည်း မဟုတ်ပါဘူး။ ဆော်ဒီနဲ့ ကာတာနိုင်ငံတို့လို ချမ်းသာတဲ့နိုင်ငံတွေမှာလည်း အကြမ်းဖက်မှုရမှတ်မြင့်မားနေပြီး၊ မူဆလင်နိုင်ငံတွေမဟုတ်တဲ့ အိန္ဒိယနဲ့ ဆဘ်ဆာဟာရအာဖရိက တို့မှာလည်း  မြင့်မားနေပါတယ်။ 

ပညာရှင်တွေ တွေ့ရှိချက်အရ များသောအားဖြင့် နိုင်ငံတွေမှာ မဟာဖိုဝါဒကြီးစိုးမှုရောဂါနဲ့ ဆင်းရဲမွဲတေမှုဟာ ယှဉ်တွဲဆက်စပ်နေတယ်။ ဒီရောဂါဖြစ်နေကြတဲ့ အဓိကအကြောင်းချက်တွေက အဲဒီတိုင်းပြည်တွေမှာ အစားအစာ ရှားပါးမှု၊ ကျန်းမာရေးနဲ့ ပညာရေး ညံ့ဖျင်းမှု၊ ပျမ်းမျှသက်တမ်း တိုတောင်းမှုတို့ကြောင့်ဆိုတာ တွေ့ရတယ်။ တနည်းအားဖြင့် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (HDI) နိမ့်ကျတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေကိုအကြမ်းဖက်မှု မြင့်မားနေတယ်။ ကောက်ချက်တခုက နိုင်ငံတနိုင်ငံဟာ ဘာကြောင့်ဆင်းရဲပြီး ပဋိပက္ခဖြစ်နေရသလဲဆိုတာကို သိချင်ရင် အဲဒီနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဘယ်လောက်ဖိနှိပ်ဆက်ဆံမှု များသလဲဆိုတာနဲ့ ကြည့်ရင် အရှင်းဆုံး ပါလို့တောင်  ဆိုပါတယ်။  

အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အကြမ်းဖက်ခံရမှုက ပုံစံမျိုးစုံပါ။ မိခင်ကိုယ်ဝန်ထဲရှိကတည်းက ခွဲခြားဆက်ဆံမှု ကြုံကြရတယ်။  သားယောက်ျားဦးစားပေးတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဆိုဗီယက်ဟောင်းနိုင်ငံတွေက မိသားစုတွေမှာ  မိခင်ကိုယ်ဝန်ထဲ မိန်းကလေးဆိုတာ ကြိုသိတာနဲ့ ဖျက်ချတယ်။ အဲဒီလို ကျားမခွဲခြား ကိုယ်ဝန်ဖျက်ချမှုကြောင့် ကမ္ဘာ့လူဦးရေထဲ မိန်းကလေး သန်း ၁၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းချက်ရှိပါတယ်။ 

တရုတ်မှာ တအိမ်ထောင် ကလေးတယောက် မူဝါဒလုပ်ခဲ့တာကြောင့် တဦးတည်းသောသားတွေ များနေပြီး၊ အဲဒီအထီးကျန်တဦးတည်းသောသားတွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်များလာနေတယ်လို့ တွေ့ရှိတယ်။ အလားတူ အမျိုးသားအရေအတွက်ပိုများတဲ့ အိန္ဒိယမှာလည်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ပိုများနေပါတယ်။ မာလီ၊ တောင်ဆူဒန်၊ နိုက်ဂျီရီယားတို့လို ပဋိပက္ခစစ်ပွဲများပြားတဲ့ နိုင်ငံတွေမှာ အမျိုးသားတဦးက ဇနီးများစွာ ထားပြီး၊ အသက် ၁၅-၄၉ ကြား အမျိုးသမီး ၄၄ ရာခိုင်နှုန်းကလည်း ယောက်ျားများစွာ လက်ပြောင်းဖူးပြီးသားပါပဲ။ အဲဒီက ချမ်းသာတဲ့သူတွေအနက် ၁၀ ရာခိုင်နှုန်းမှာ ဇနီးလေးဦး အနည်းဆုံး ရှိပါတယ်။ 

လေ့လာချက်တခုက ဖခင်တွေက မိခင်တွေအပေါ် အနိုင်ကျင့်တာကို မြင်ဖူးတဲ့ ယောက်ျားလေးတွေဟာ သူတို့ဇနီးတွေရလာရင် အနိုင်ကျင့်တတ်တယ်လို့ ဖော်ပြတယ်။ အဲဒီလို အင်အားသုံးအနိုင်ယူမှု အကျင့်ဆိုးကို လူမှုအသိုင်းအဝိုင်းတွေထဲအထိ ကျင့်သုံးလာတယ်။ ပညာရှင် Ms Hudson ရဲ့ ကောက်ချက်ကတော့ အမျိုးသမီးတွေဟာ အမြဲအဖိနှိပ်ခံရပြီး သူတို့အိမ်ဟာ သူတို့အတွက်ငရဲဖြစ်နေတယ်ဆိုရင်၊ အဲဒီဆိုးကျိုးက လူ့အဖွဲ့စည်းကို ထိခိုက်လာစေမှာ  အမှန်ပါပဲတဲ့။ 

ချုပ်ရရင်တော့  အမျိုးသမီးတွေရဲ့ပျော်ရွှင်မှုနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဟာ တိုက်ရိုက်အချိုးကျနေတယ်။ မိန်းကလေးများ လွတ်လပ်စွာ ပညာသင်ကြားနိုင်မှုက  ဆင်းရဲမွဲတေမှု အသေအချာလျော့ကျစေမှုပါပဲ။ နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုမှအစ အကြမ်းဖက်မှုပေါင်းစုံကို တားမြစ်ဖို့ ပညာပေးမှုတွေ တင်းကျပ်တဲ့ဥပဒေတွေ ထားရှိရမယ်။ မိန်းကလေးငယ်တွေကို တကိုယ်ရည်ကျန်းမာရေးစောင့်မှု၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန် အသက်ဆုံးရှုံးနိုင်မှု စတဲ့ အသိပညာတွေ ပေးထားရမယ်။ ပညာတတ်မိခင်တွေက မွေးဖွားလိုက်တဲ့ကလေးတွေဟာ ပညာတတ်တွေဖြစ်လာပြီး အမှီအခိုကင်းပြီး အလုပ်အကိုင်ကောင်း ရရှိတယ်လို့ ဖော်ပြပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်  တရုတ်မှာပြောခဲ့တဲ့ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ နာမည်ကျော်မိန့်ခွန်းတခုမှာ “အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုမှ ကင်းဝေးတယ်ဆိုရင် သူတို့မိသားစုတွေ ‌တိုးတက်ပျော်ရွှင်လာတာပဲ။ အမျိုးသမီးတွေ ကျန်းမာတယ် ပညာတတ်တယ်ဆိုရင် အောင်မြင်တဲ့မိသားစုတွေ များလာတာပါပဲ။ မိသားစုတွေ တိုးတက်အောင်မြင်လာရင် ရပ်ရွာမှအစ နိုင်ငံအထိ တိုးတက်စည်ပင် ပျော်ရွှင်လာတာပါပဲ၊ အမျိုးသမီးတွေကျရှုံးရင် နိုင်ငံတွေ ကျရှုံးမြဲပါပဲ..” 

ပြင်သစ်စာရေးဆရာမ ဆီမွန်ဒီဗူးဗွား Second Sex စာအုပ်မှာ ပြောတာတခုကတော့ “ ဘယ်လိုလူစားမျိုးတွေက အမျိုးသမီးတွေကို အနိုင်ကျင့် ဖိနှိပ် အထင်အမြင်သေး စော်ကားမော်ကား လုပ်လေ့ရှိပါသလဲ။ ခွန်အားကိုသာသိပြီး စဉ်းစားဥာဏ်လုံးဝမရှိသူတွေ၊ လောကအလယ်  မိမိလိပ်ပြာနဲ့ ယုံကြည်မှု ပျောက်ဆုံးနေသူတွေပဲ  အကြမ်းဖက်မှု လုပ်လေ့ရှိတယ်” လို့  ဆိုထားတယ်။ 

ရဲမြင့်ကျော် 

ရည်ညွှန်း The Economist

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013