DVB Logo
Home
Lead Story
ရုရှားအကျပ်အတည်းနဲ့ လီနင်အပေါ် အပြစ်ပုံချတဲ့ ပူတင်
DVB
·
February 25, 2022
ရုရှားအကျပ်အတည်းနဲ့ လီနင်အပေါ် အပြစ်ပုံချတဲ့ ပူတင်
Donate to DVB

ရုရှားက ယူကရိန်းကို ရက်ပိုင်းအတွင်း ကျုးကျော်တိုက်ခိုက်တော့မယ်လို့ သတင်းတွေပြေးနေစဉ် ဖေဖော်ဝါရီ ၂၀ ရက်က ဂျာမဏီနိုင်ငံမှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ ယူကရိန်းပြဿနာအတွက် အရေးပေါ် ‘မြူးနစ်လုံခြုံရေးကွန့်ဖရင့်’ လုပ်ပါတယ်။ အဲဒီမှာ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့စကားက အတော်ကောင်းပါတယ်။ သူပြောတာက အခု ဥရောပ ရင်ဆိုင်နေရတာ ‘ယူကရိန်းအကျပ်အတည်း’ မဟုတ်ဘူး၊ ‘ရုရှားအကျပ်အတည်း’ ပါတဲ့။ ရုရှားရဲ့ အဓိကပြဿနာက အခြားနိုင်ငံတွေလို အမျိုးသားနိုင်ငံပုံစံနဲ့ နေမလား၊ သို့မဟုတ် အရင်က ရွှေထီးဆောင်းခဲ့သလို အင်ပါယာအိပ်မက် ဆက်မက်နေဦးမှာလား ဆိုတာပါတဲ့။ 

ပူတင်နဲ့ ရုရှားလူ့မလိုင်တစုမှာ အတိတ်ကလို ရုရှားအင်ပါယာပြန်ဖြစ်ချင်တဲ့ စိတ်ရောဂါက မအိပ်နိုင်မစားနိုင် အမြဲဝင်ပူးနေပြီး ထိန်းမနိုင်သိမ်းမရအောင်ကို အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခပေးချင်နေတာပါ။ ပူတင်တို့ရူးတာက ယူကရိန်းတင်မက ဥရောပတခုလုံး ကြိမ်မီးအုံးနေရသလို တကမ္ဘာလုံးကိုပါ စိတ်မချမ်းသာဖြစ်စေတာပါ။ 

လီနင်ရဲ့ယူကရိန်း

ယူကရိန်းခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာမယ့်ရက်မတိုင်ခင် ဖေဖော်ဝါရီ ၂၁ ရက် ညည့်နက်သန်းခေါင်မှာ ပူတင်က ဒေါသတကြီးနဲ့ ရုရှားပြည်သူတွေကို နာရီအတော်ကြာ မိန့်ခွန်းပြောပါတယ်။ သူ့မိန့်ခွန်းမှာ ယူကရိန်းကနေ ခွဲထွက်ဖို့ကြိုးစားနေတဲ့ ဒိုးနက်စ်နဲ့ လူဟန်းစ်ဒေသနှစ်ခုကို သမ္မတနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ရုရှားက ပုံအောကူညီသွားမယ်၊ ယူကရိန်းက နေတိုးအဖွဲ့ထဲ ဝင်ဖို့ကြိုးစားတာဟာ ရုရှားရဲ့လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတာ၊ ယူကရိန်းဆိုတာ စစ်မှန်တဲ့ နိုင်ငံတနိုင်ငံဖြစ်တည်မှု ဘယ်တုန်းကမှ အစဉ်အလာ မရှိခဲ့ဘူး၊ ရုရှားစောင့်ရှောက်ထားတဲ့ ကျေးဇူးပဲရှိတယ် စတဲ့ ကြိမ်းမောင်းစကားတွေပါ။

သူ့မိန့်ခွန်းမှာ ယနေ့ယူကရိန်းနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုတည်ထောင်သူ ဗီအိုင်လီနင်ရဲ့ ရုရှားက ဖန်တီးပေးထားတာလို့ ဆိုပါတယ်။ “အခုခေတ်သစ် ယူကရိန်းဆိုတာ ရုရှားက ဖန်တီးပေးထားတာ၊ အတိအကျပြောရရင်၊ ဘော်ရှီဗစ်ကွန်မြူနစ်ရုရှားက ဖန်တီးပေးထားခဲ့တာ၊ အဲဒီဖြစ်စဉ်ဟာ ၁၉၁၇ အောက်တိုဘာတော်လှန်ရေး နောက်ပိုင်းမှ ဖြစ်လာခဲ့တာ။ ဘော်ရှီဗစ်မူဝါဒရဲ့ ရလဒ်အနေနဲ့ ‘ဆိုဗီယက်ယူကရိန်း’ ဆိုတာ ဖြစ်လာတယ်၊ ကနေ့ထိ ‘ဗီအိုင်လီနင်ရဲ့ယူကရိန်း’ လို့လည်း ခေါ်ဝေါ်ကြတုန်းပါ။ လီနင်က ယူကရိန်းကို ပုံဖော်ခဲ့တဲ့ ဗိသုကာပါ။ အဲဒီ အထောက်အထားတွေအားလုံး မော်ကွန်းတိုက်မှတ်တမ်းတွေမှာ အကုန်ရှိတယ်။ ဒီကနေ့ အဲဒီအကျိုးကျေးဇူးခံစားနေရတဲ့ ယူကရိန်းမျိုးဆက်တွေဟာ ‘လီနင်ရဲ့ယူကရိန်း’  သမိုင်း မှတ်တမ်းမှတ်ရာ အားလုံး ဖြိုဖျက်ပစ်ချင်နေတယ်။ ဆိုဗီယက်ကွန်မြူနစ်နိုင်ငံဟောင်းရဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ အမွေ၊ စိတ်ဓာတ် အားလုံးကို ဖြိုချရတာကိုပဲ သူတို့က ဒါကို ‘decommunization’ လို့ ဂုဏ်ယူ ပြောနေတယ်။ အဲတော့ ကောင်းပြီလေ.. ယူကရိန်းတို့ဆိုလိုတဲ့ ‘decommunization’ အဓိပ္ပါယ်က ဘာလဲဆိုတာ ကျုပ်တို့ ရုရှားတွေက လက်တွေ့ပြဖို့ အသင့်ပေါ့..” ဆိုပြီး စိန်ခေါ်  ကြိမ်းမောင်းတာပါပဲ။

ချိန်ကိုက်ဗုံးထောင်ခဲ့သူလီနင်

ပိုဆိုးတာကတော့ ပူတင်က သူ့မိန့်ခွန်းထဲမှာ အများလေးစားတဲ့ လီနင်ကို ယခုဖြစ်နေတဲ့ ပြဿနာအားလုံးရဲ့ အဓိကတာဝန်ရှိသူလို့ အပြစ်တင် စွပ်စွဲပြောဆိုတာပါ။ လီနင်ကို လေးစားကြည်ညိုသူ အများအပြားကိုရော နောက်လာမယ့်ရွေးကောက်ပွဲ မဲရလဒ်ကိုရော ဂရုမစိုက်ဘဲ၊ ပူတင်က ဆိုဗီယက်တည်ထောင်သူ လီနင်ကို အတော်ပဲ အပုပ်ချခဲ့တာပါ။ 

လီနင်ဟာ နောက်ဆုံးဇာဘုရင်နဲ့ မိသားစုဝင်တွေ၊ အမှုထမ်းတွေ၊ ဘုန်းကြီးတွေ၊ ကျေးကျွန်တွေကို ထောင်နဲ့ချီ သတ်ခဲ့တယ်လို့ ဆိုတယ်။ လီနင်က ဆိုဗီယက်တည်ထောင်ခဲ့ပေမဲ့ အစိတ်စိတ်အမွှာမွှာပြိုကွဲဖို့နဲ့ ရုရှားကို အခုထိ ဒုက္ခရောက်စေဖို့ နိုင်ငံအောက်မှာ ချိန်ကိုက်ဗုံးထောင်ခဲ့တယ်လို့ ပြောပါတယ်။ ပူတင်ပြောတဲ့ အဲဒီချိန်ကိုက်ဗုံး ဆိုတာက လူမျိုးစုတွေနေထိုင်တဲ့ ဒေသတလျှောက် လီနင်ရဲ့ အုပ်ချုပ်ရေးနယ်နမိတ်မျဉ်း ပိုင်းခြားရေးဆွဲမှုကို ပြောတာပါ။ 

ဒီနေရာမှာ လီနင်ရဲ့ နာမည်ကျော် ‘လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ အယူဆကို သတိပြန်ပြုသင့်ပါတယ်။ ၁၉၀၃ ခုနှစ် ကျင်းပတဲ့ ရုရှားဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ဒုတိယကွန်ဂရက်က ချမှတ်တဲ့မူဝါဒတွေမှာ လီနင်လမ်းစဉ်ဆိုတာ ပါပါတယ်။ အဲဒီလမ်းစဉ်က လူမျိုးစုတိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဆိုတာဖြစ်ပြီး၊ အဲဒါက ရုရှားကွန်မြူနစ်ပါတီအတွက် အရေးကြီးဆုံးတခုပါ။ လီနင်ရဲ့ လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စာအုပ်ကို ၁၉၁၄ မှာ ပုံနှိပ်ထုတ်ဝေပါတယ်။ 

အရေးကြီးတဲ့ လီနင်ရဲ့ဖွင့်ဆိုချက်က “လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ လူမျိုး၊ နယ်မြေ၊ ဘာသာစကား တည်တံ့ပြီးသော လူမျိုးစုများသည် မိမိတို့နှင့်အခြေခံ (ဘာသာစကား၊ ယဉ်ကျေးမှု) မတူသော အခြားလူမျိုးများနှင့် နိုင်ငံရေးအရ ပြတ်ပြတ်သားသား ခွဲခြားထားမှုရှိရမည်။ ထို့ပြင် ထိုလူမျိုးစုတို့သည် လွတ်လပ်သော၊ အချုပ်အခြာပိုင်သော၊ အမှီအခိုကင်းသော အမျိုးသားနိုင်ငံများ တည်ထောင်ခွင့်ရှိရမည်..” 

“လူမျိုးတမျိုးသည် အခြားလူမျိုးတမျိုး၏ အဖိနှိပ်ခံဖြစ်နေလျှင် ထိုလူမျိုးသည် ဘယ်တော့မှ လွတ်လပ်မှု မရှိနိုင်၊ ထို့ကြောင့် အလုပ်သမားပါတီသည် လူမျိုးစုအားလုံး၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကာကွယ်ပေးရမည်။ အဆိုပါ လူမျိုးစုရပိုင်ခွင့်ကို ငြင်းဆန်ခြင်းသည် အမျိုးသားရေးဖိနှိပ်မှုဖြစ်ပြီး လူမျိုးကြီးတို့၏အခွင့်ထူးခံမှုကို ကာကွယ်ရာရောက်သည်..”

လီနင်က လူမျိုးစုများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ အလုပ်သမားပါတီအနေနဲ့ ‘ခွဲထွက်ခွင့်’ ကို အသိအမှတ်ပြုရမည်လို့ ဆိုထားတယ်။ ခြွင်းချက်အနေနဲ့ ခွဲထွက်ရေးပြဿနာပေါ်တိုင်း ခွဲထွက်ခွင့်ပြုဖို့မဟုတ်၊ အရေးကြီးသည်က လူမျိုးကြီးနဲ့ လူမျိုးစုတို့ကြား အခွင့်အရေးအားလုံး တန်းတူခံစားနိုင်မှု ရှိမရှိ ကြည့်ဖို့နဲ့ လူမျိုးကြီးကသာ အခွင့်ထူးအားလုံး ခံစားမနေအောင် ဆင်ခြင်ဖို့..” လို့လည်း ရေးထားတယ်။ လီနင်က ဆွီဒင်ကနေ နော်ဝေ ခွဲထွက်မှုနဲ့ ပိုလန်၊ အိုင်ယာလန် တို့ရဲ့ပြဿနာတွေကို သုံးသပ်ထားပါတယ်။

အဲဒီ လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ခွင့် အယူအဆတွေပေါ်အခြေခံပြီး ဒေသနယ်နိမိတ်မျဉ်း ရေးဆွဲခဲ့တာတွေကိုက လီနင်ရဲ့ မဟာအမှား၊ ရုရှားနိုင်ငံအောက်မှာ ထောင်ခဲ့တဲ့ချိန်ကိုက်ဗုံးလို့ ပူတင်က စွပ်စွဲနေတာပါ။ သူက လီနင် ဖျက်ဆီးခဲ့သောဆိုးမွေလို့လည်း သုံးနှုန်းတယ်။ ကနေ့ ယူကရိန်းဟာ လီနင်ရဲ့ ဆိုးမွေဖြစ်ပြီး၊ ၂၀၁၄ ခရိုင်းမီးယားဒေသ ဝင်ရောက်သိမ်းခဲ့မှုဖြစ်ဖြစ်၊ လက်ရှိ ဒိုးနက်စ်နဲ့ လူးဟန်းစ်ဒေသ တို့ကို လွတ်လပ်ရေးကြေညာမှုဖြစ်ဖြစ် လီနင့်အမှားကို သူက ဒိုင်ခံဖြေရှင်းနေရသလိုမျိုး ဆင်ခြေပေး ပြောတာပါပဲ။ 

ဒါပေမဲ့ ပူတင်က စတာလင်ရဲ့ တပြည်ထောင်စနစ် (Unitary state model) မူကို ထောက်ခံနေသူပါ။ လီနင်မှားပြီး စတာလင် မှန်တယ်လို့ ယုံကြည်နေတာပါ။ စတာလင်က မာက်စ်နဲ့ လီနင်တို့ရဲ့ လူမျိုးစု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အယူအဆကို သံယောင်လိုက်ခဲ့ပေမဲ့၊ လူမျိုးတမျိုးဟာ ကိုယ်ပိုင်အမျိုးသားနိုင်ငံ ပိုင်ဆိုင်ခွင့် ရှိပါသလားဆိုတဲ့ မေးခွန်းကို “နိုး” ပါလို့ ဖြေခဲ့ပါတယ် (Stalin’s booklet The National Question and Leninism, published in 1929)။ စတာလင်လက်ထက် ပြည်သူ သန်း ၂၀ ခန့် သေဆုံးခဲ့ရပေမဲ့ စတာလင်ဟာ နာဇီကို နိုင်အောင်တိုက်ခဲ့သူဖြစ်ပြီး ဆိုဗီယက်အင်ပါယာကို ထိန်းနိုင်ခဲ့သူဆိုပြီး ပူတင်က စံထားနေပါတယ်။

ပူတင် ဘာကိုယုံကြည်လဲ

ဆိုဗီယက်ပြည်ထောင်စုပြိုလဲခြင်းရဲ့ အဓိကကြောင်းတခုက လီနင်နဲ့ ဘော်ရှီဗစ်တွေရဲ့ အမှားကတဆင့် ဘောလ်တစ်ဒေသ၊ ဗဟိုအာရှ၊ ကော့ကေးဆပ်ဒေသ နိုင်ငံ ၁၄ နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတွေ တောင်းဆိုခဲ့လို့ ဆိုပြီး ပူတင်က စိတ်ရောဂါဖြစ်နေတာပါ။ ဒါကြောင့် သူက ရုရှားအင်ပါယာကို ကာကွယ်ပေးနေရသူလို့ အကြောင်းပြပြီး၊ ရုရှားအများစုကလည်း အဲဒီအတိုင်း ယုံကြည်နေတာပါ။

ပူတင်က သူဟာ ကေဂျီဘီထောက်လှမ်းရေးအရာရှိတာဝန် ထမ်းဆောင်ခဲ့သူဖြစ်လို့ ကွန်မြူနစ်ဝါဒကို ရိုးသားစွာ ယုံကြည်ခဲ့တယ်လို့ ပြောဖူးတယ်။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒကပြောတဲ့ တရားမျှတဲ့ လူ့အဖွဲ့အစည်းဆိုတာ သမ္မာကျမ်းစာစကားတွေနဲ့ အတော်ဆင်ပြီး လက်တွေ့မြေပြင်အခြေအနေနဲ့တော့ ကွာခြားတယ်လို့လည်း ပြောပါတယ်။ ဒီတော့ ပူတင်က ကွန်မြူနစ်လည်း သေချာမယုံ ဒီမိုကရေစီလည်းမယုံ ဘာကိုယုံကြည်ပါသလဲ။ 

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လမှာ ပူတင်ရေးထားပြီး နာမည်ဆိုးထွက်ခဲ့တဲ့ အက်ဆေး ‘On the historical unity of Russians and Ukrainians’ က သူ့ယုံကြည်မှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ ရှည်လျားတဲ့ သူ့ရဲ့အက်ဆေး အတိုချုပ်က သူနဲ့ လက်ရှိရုရှားလူ့မလိုင်တစုဟာ ကွန်မြူနစ်ဆိုဗီယက်အင်ပါယာဟောင်း ထက်ကိုပိုပြီး၊ ၁၉ ရာစု ဇာဘုရင်အုပ်ချုပ်ခဲ့တဲ့ ဆာလ်ဗစ်အင်ပါယာ (Great Slavic Empire) အုပ်ချုပ်မှုကို ပြန်လိုချင်တာပါ။ အဲဒီအင်ပါယာခေတ်မှာ ယူရေးရှား၊ ဗဟိုအာရှ၊ အနောက်အာရှ၊ အမြောက်အာရှ၊  အရှေ့ဥရောပ၊ အနောက်ဥရောပတို့ထိ ကျယ်ပြန့်ပြီး နိုင်ငံပေါင်း ၄၀ နီးပါး လက်အောက်ခံ ရှိခဲ့ပါတယ်။

နောက်ပြီး ပူတင်က သူ့အက်ဆေးမှာရော သူ့မိန့်ခွန်းမှာပါ ယူကရိန်းဟာ ရုရှားပိုင်မြေလို့ အကြိမ်ကြိမ် ပြောနေတာပါ။ ယူကရိန်းသာမက ရုရှားအိမ်နီးချင်းတွေ၊ အင်ပါယာအောက်က ခွဲထွက်သွားတဲ့နိုင်ငံတွေဟာ ရုရှားရဲ့  ဆုံးရှုံးနယ်မြေတွေပြန်ရဖို့ အင်ပါယာလက်တုံ့ပြန်မှု (Imperial Revanchism) ကို ခံစားရစေမယ်လို့ ကြိမ်းဝါးပါတယ်။ အခု ယူကရိန်းကို ပယ်ပယ်နယ်နယ် ဆုံးမပြတာကနေ အခြားအိမ်နီးနားချင်းတွေ ရုရှားကို ကြောက်လန့်နေစေရမယ်ဆိုတဲ့ မိုက်ရူးရဲဆန်မှုပါ။

ရုရှားအကျပ်အတည်း

ပူတင်က အင်ပါယာရူးနေပေမဲ့ ရုရှားပြည်တွင်းရေးက ဟန်လှတာမဟုတ်ပါဘူး။ ဆိုဗီယက်နိုင်ငံဟောင်း ရုရှားအိမ်နီးချင်းအများစုက ဥရောပသမဂ္ဂထဲပါဝင်ပြီး စီးပွားရေးတွေ တိုးတက်နေပေမဲ့ ရုရှားက အနောက်ရဲ့ ဒဏ်ခတ်အရေးယူမှုအောက် ဝမ်းလျားမှောက်နေရတာပါ။ ရေနံ ဓာတ်ငွေ့ လက်နက်ရောင်းချမှုနဲ့ အဓိက အသက်ဆက်နေတာပါ။ ယူကရိန်းရဲ့ စီးပွားရေးက တရိပ်ရိပ်တက်နေတာကိုပဲ မလိုတမာဖြစ်မှု၊ မလုံခြုံမှု၊ သိမ်းပိုက်လိုမှုတွေ မရိုးမရွဖြစ်နေခဲ့တာပါ။ 

ပူတင်က အင်ပါယာဟောင်းအိပ်မက်အတွက် ယူကရိန်းအပေါ် လက်စားချေဖျက်ဆီးမှု စတင်နေတာကို သူ့ပြည်တွင်းကကော ဘယ်လောက်ခံနိုင်မလဲ၊ သူက ဘယ်လောက်ထိ အဆုံးစွန် မိုက်ရိုင်းနိုင်မလဲ၊ ယူကရိန်းကို မီးလောင်တိုက်သွင်းပြီး သူတင်ချင်ခဲ့သူ တင်ဖို့ကြိုးစားတာဟာ သူ့ရဲ့အောင်ပွဲ အမှန်တကယ် ဖြစ်လာမလား။  ရုရှားဟာ အင်ပါယာဟောင်း လက်စားချေစစ်ပွဲအတွက် လက်နက်၊ ငွေကြေး ရေနံ ဘယ်လောက်ပဲ စုဆောင်း ပြင်ဆင်ထားထား တကမ္ဘာတခုလုံးရဲ့ မုန်းတီးမှု ကျဉ်ဖယ်မှု ခံရမှာ သေချာနေပါတယ်။ ရုရှားဘဏ်တွေ အစိုးရငွေတိုက်စာချုပ် ရောင်းချမှုတွေ ရေနံပိုက်လိုင်းတွေနဲ့ ရုရှားဘီလီယံနာတွေဟာ အားလုံးရဲ့ပိတ်ဆို့မှု (Mother of All Sanctions) အောက်မှာ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ။

လက်ရှိ ယူကရိန်းအကျပ်အတည်း၊ ယူကရိန်းစစ်ပွဲက အချိန်ကြာကြာ နှစ်ကြာကြာ မစောင့်ရဘဲ ဘက်ပြန်ပြီး ရုရှားအကျပ်အတည်း ဖြစ်သွားမှာပါ။ 

ရဲမြင့်ကျော်

ရည်ညွှန်း

-Address by the President Valdimir Putin of the Russian Federation; February 21, 2022 

-Essay: On the Historical Unity of Russians and Ukrainians by Vladimir Putin; July 12, 2021

- The Right of Nations to Self-Determination by Vladimir Ilyich Lenin, 1903 

- Vladimir Putin accuses Lenin of placing a 'time bomb' under Russia; The Guardian, 26 Jan 2016

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013