DVB Logo
Home
Lead Story
သည်းခံရမှာနဲ့ သည်းမခံသင့်တာ
DVB
·
November 16, 2021
သည်းခံရမှာနဲ့ သည်းမခံသင့်တာ
Donate to DVB

ကုလသမဂ္ဂက ၁၉၉၆ နိုဝင်ဘာ ၁၆ မှာ အဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ပြီး  ‘နိုင်ငံတကာ သည်းခံမှုနေ့’ (International Day for Tolerance) ကို တရားဝင် ကြေညာခဲ့တယ်။ 

နေ့စဉ် အရပ်ထဲပြောလေ့ရှိတဲ့ သည်းခံခွင့်လွှတ်ခြင်း (Patience) ဆိုတာက အပြုခံသဘောဆောင်တယ်။ ခရစ်တော်ပြောတဲ့ ‘တစုံတဦးက သင့်ရဲ့ ညာဘက်ပါးကို ရိုက်လျှင်, ဘယ်ဘက်ပါးကိုပါ လှည့်ပေးလိုက်ပါ’ ဆိုတာနဲ့ ဗုဒ္ဓဟောတဲ့ ခန္ဓီပါရမီတို့က Patience ကို ဆိုလိုပါတယ်။

‘Tolerance’ ဆိုတာကတော့ ကိုယ့်ပတ်ဝန်းကျင်ရှိ အမြင်အတွေးမတူ ဘာသာမတူ ယဉ်ကျေးမှုမတူတဲ့ လူအမျိုးမျိုးအထွေထွေကို လက်ခံကြည့်မြင်နိုင်မှု၊ အတူတကွ သဟဇတဖြစ်စွာနေထိုင်မှု၊ လူ့ဂုဏ်သိက္ခာကိုအသိအမှတ်ပြုမှု၊ ဗဟုဝါဒလက်ခံမှု စတာကို ကျင့်ဝတ်တာဝန်အဖြစ် လိုက်နာခြင်းပါပဲ။ 

ဒီကနေ့ လူမျိုးအသီးသီး အုပ်စုအသီးသီးကြား အမျိုးသားရေးကိုယ်ပိုင်ဇာစ်မြစ်တွေ တူးဆွ ထူထောင်လာကြတဲ့အခါ၊ တအုပ်စုကို တအုပ်စု ဖယ်ထုတ်ဖို့ ကြိုးစားနေကြချိန်မှာ သည်းခံမှု ထောလရန့်စ်ကိစ္စက အမြဲရှေ့ရောက်လာတယ်။ ဒါကြောင့်ပဲ ဘာသာပေါင်းစုံတွေ့ဆုံပွဲတွေ ဖိုရမ်တွေ ဆုတောင်းပွဲတွေ ကျင်းပပြီး၊ ထောလရန့်စ်မြင့်မားရေး လုပ်ကြပါတယ်။ 

နောက် ယဉ်ကျေးမှုစစ်ပွဲတွေ ဘာသာရေးအစွန်းရောက်မှုတွေရှိတဲ့ ပဋိပက္ခဒေသတွေမှာ အစိုးရတွေနဲ့ NGO တွေက ယဉ်ကျေးမှုအပြုတန်ဖိုးတွေနဲ့ အစားထိုးကုစားမှု အစီအစဉ်တွေလုပ်တယ်။  ဥပမာ၊ အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေများတဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဟောကြားတဲ့ ငြိမ်းချမ်းရေးတရားတွေကို ပြန်သတိပြုမိစေတာမျိုး၊ အာသောကကျောက်စာတိုင်မှာ ရေးထိုးထားတဲ့ ‘မိမိဘာသာကို ချီးမြှောက်လိုလျှင် အခြားဘာသာတွေကိုလည်း အခါအားလျော်စွာ ဂုဏ်ပြုချီးမွမ်းရမည်၊ အခြားဂိုဏ်းအားလုံးကို သိမ်းရုံးကဲ့ရဲ့ခြင်းသည် မိမိဂိုဏ်းကို ပျက်စီးအောင် ဖျက်ဆီးခြင်းဖြစ်သည်’ ဆိုတဲ့ သည်းခံခြင်းတန်ဖိုးတွေကို ပြန်လည်ဂရုမိစေတာမျိုးတွေ များများဆွေးနွေးပါတယ်။ 

ဒါပြင် ဒီမိုကရေစီဖြစ်စဉ်မှာ ထောလရန့်စ်က ပိုအရေးကြီးပါသေးတယ်။ တည်ငြိမ်ခိုင်မြဲတဲ့ ဒီမိုကရေစီရရှိဖို့ဆိုရင် ခေါင်းဆောင်တွေ‌ရော ပြည်သူတွေကြားမှာပါ ထောလရန့်စ်မြင့်မားဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ်မှာ အရေးကြီးဆုံးက အနိုင်ရတဲ့ဘယ်ပါတီကို ဖြစ်ဖြစ် အာဏာလွှဲပြောင်းပေးရမှု ဖြစ်တယ်။ မိမိနဲ့ အမြင်မတူသူတွေရဲ့ အောင်မြင်မှုကို လက်ခံအသိအမှတ်ပြုဖို့ ပျက်ကွက်ခြင်းဟာ မရင့်ကျက်မှု၊ သဘောထားသေးသိမ်မှု၊ တောလရန့်စ် ဉာဏ်ရည်နိမ့်ပါးမှုကို ဖော်ပြပါတယ်။ အဆိုးဆုံးက နိုင်ငံရေးအာဏာကို စစ်တပ်သုံးပြီး လုယူခြင်းက တောလရန့်စ် ဇီးရိုးပြပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးချေမွပစ်ခြင်း ဖြစ်တယ်။ 

တချို့ အာဏာရှင်စနစ်ကို ကြိတ်မှိတ်ထောက်ခံသူ ကူညီသူ ဝါဒဖြန့်သူတွေဟာလည်း ပြည်သူက ဝေဖန်ရင် ဆတ်ဆတ်ထိမခံ ဖြစ်ပြီး၊ ပြည်သူတွေကို တောလရန့်စ်မရှိသူတွေလို့ ပြန်လှန်စွပ်စွဲတယ်။ နောက်တော့ ပြည်သူကို နှိပ်ကွပ်ဖို့ တပ်ကို  နည်းလမ်းပေါင်းစုံနဲ့ မြှောက်ပေးတယ်။ 

ဒါပေမဲ့ ထောလရန့်စ်မှာလည်း သည်းခံမှုက အကန့်အသတ်နဲ့ပါ။ ဘာသာတရားတိုင်းက သည်းခံရေးတရား ဟောထားပေမဲ့ လူမိုက်နဲ့မပေါင်းဖို့ မိစ္ဆာကိုတိုက်ဖျက်ဖို့ အကြီးအကျယ်ဟောထားပါတယ်။ အလားတူပါပဲ လူတိုင်း ဒီမိုကရေစီစနစ်အတွက် သည်းခံမှု ထောလရန့်စ်မြှင့်ကြရာမှာဖြစ်ပြီး၊ အာဏာရှင်စနစ်နဲ့ ဒေါက်တိုင်တွေကိုတော့ သည်းခံမှုမထားကြရမှာ ဖြစ်ပါတယ်။ 

ရဲမြင့်ကျော်

Photo Credit-GICJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013