DVB Logo
Home
နိုင်ငံတကာ
နတ်ရွာစံ ထိုင်းဘုရင့်သမီးတော်အတွက် ဝမ်းနည်းခြင်းကာလ ၁၅ ရက်သတ်မှတ်၊ ပြည်သူများ ဂါရဝပြုနိုင်  
DVB
·
June 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ထိုင်းနိုင်ငံမှာ နတ်ရွာစံသွားတဲ့ ထိုင်းဘုရင့်သမီးတော် ဖတ်ချရကစ်သီယားဖားအတွက် ဝမ်းနည်းခြင်းကာလကို ၁၅ ရက် သတ်မှတ်ထားပြီး အဆိုပါ ရက်တွေအတွင်း နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူဖို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီကာလမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ သပ်ရပ်တဲ့ အနက်ရောင်၊ အဖြူရောင် ဝတ်စုံဝတ်ဆင်ဖို့၊ တခြားအရောင် ယူနီဖောင်းဝတ် ဝန်ထမ်းတွေ အနက်ရောင် လက်မောင်းပတ် ပတ်ထားဖို့၊ အများပြည်သူတွေအနေနဲ့ ဝမ်းနည်းခြင်းကာလနဲ့ လိုက်လျောညီထွေရှိတဲ့ ဝတ်စုံတွေ ဝတ်ဆင်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

ဌာနဆိုင်ရာရုံးတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ရပ်ရွာဘုန်းကြီးကျောင်းတွေအနေနဲ့ သမီးတော် နတ်ရွာစံ ဝမ်းနည်းဂါရဝပြုအခမ်းအနားကို မိမိဖာသာ စီစဉ်ဆောင်ရွက်နိုင်ပေမဲ့ ဂါရဝပြုစင်နဲ့  အစီအစဉ်၊ ဝေါဟာရအသုံးအနှုန်းတွေကို သတ်မှတ်ထားတဲ့အတိုင်း ကျင့်သုံးဖို့ ကြေညာထားပါတယ်။ 

ဝမ်းနည်းခြင်းကာလမှာ  ရိုးရာပွဲလမ်းသဘင်တွေကိုတော့  သမားရိုးကျ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ သမီးတော်ရဲ့  ရုပ်ကလာပ်ကို ဘန်ကောက် ဖရာ့နခွန်းနယ်မြေ၊ မြဖုရားအနီး နန်းတော်မှာ သွားရောက်ဂါရဝပြုနိုင်ကြောင်း ထိုင်းတော်ဝင်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ထိုင်းဘုရင်ကြီးရဲ့ ခွင့်ပြုချက်အရ အများပြည်သူတွေ ဂါရဝပြုနိုင်တဲ့  နေ့ရက်နဲ့ နေရာတွေကို ကြေညာထားပြီး ဇွန် ၁၃ ရက် မနက် ၈ နာရီခွဲမှ မွန်းတည့် ၁၂ နာရီထိ နန်းတွင်း ဆဟာထိုင်း ဆမားခုမ်းဇရပ်ဆောင်မှာ သမီးတော်ဈာပနကို  ရေစင်သွန်းလောင်းပူဇော်နိုင်တယ်လို့ သိရပါတယ်။

ဇွန် ၁၄ ရက်မှ ၂၆ ရက်အတွင်း နေ့စဉ် မနက် ၈ နာရီခွဲကနေ  ညနေ ၄ နာရီထိ အဆိုပါ  ဆဟာထိုင်း ဆမားခုမ်းဇရပ်ဆောင်မှာ ထားရှိတဲ့ သမီးတော်ရဲ့  ရုပ်ပုံလွှာကို  ဂါရဝပြုတာနဲ့   တော်ဝင်မှတ် တမ်းစာအုပ်မှာ ဝမ်းနည်းကြောင်း အထိမ်းအမှတ် ရေးသားနိုင်ပါတယ်။ 

သမီးတော်ရဲ့  ရုပ်ကလာပ်ကို နန်းတွင်း ရတ္တယားပလ္လင်ဗိမာန်တော်မှာ ထားရှိပြီး ၁၅ ရက်တိုင်တိုင် ဆွေတော်မျိုးတော်တွေ  အလှူအတန်းပြု  ရွတ်ဖတ်သရဇ္ဈာယ်မယ်။ အဲဒီကိစ္စ ပြီးစီးတဲ့နောက်  ဇွန် ၂၇ ရက်ကနေ  နေ့စဉ် မနက် ၉ နာရီ မှ ည ၉ နာရီထိ  ဝင်ရောက်ဂါရဝပြုနိုင်မှာ ဖြစ်ပါတယ်။ 

သမီးတော်အား ရည်စူးပြီး  အဆိုပါ တရားအဘိဓမ္မာနာယူတာ၊ အလှူအတန်းပြုတာမှာ  တော်ဝင်မိသားစုဝင်တွေ၊ ဌာနဆိုင်ရာနဲ့  ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းတွေ၊ အများပြည်သူတွေ အနေနဲ့  အလှည့်ကျအလှူရှင်အဖြစ် ပါဝင်ကုသိုလ်ယူနိုင်တယ်လို့ ဆိုပါတယ်။ 

အလှူအတန်းပြုကာလအတွင်း  သာမဏေအပါး  ၁၀၀  ရှင်ပြုတာနဲ့ ရဟန်းခံအလှူတွေလည်း ကျင်းပမှာ ဖြစ်ပါတယ်။  အဲဒီနောက် သမီးတော်နတ်ရွာစံ ရက် ၁၀၀ ပြည့် အခမ်းအနားလည်း ထပ်မံကျင်းပမယ်လို့ ဆိုပါတယ်။ 

အလှူအတန်းပြု ၁၅ ရက်တာကာလ ဇွန် ၁၃ မှ ၂၇  အတွင်း မြဖုရားအနီး နန်းတော်သို့ ရေလမ်းကနေ လာမဲ့သူတွေအတွက် ဝပ်အရွန် ဘုန်းကြီးကျောင်းမှ ထာ့ချန့်လှေဆိပ်ထိ၊ ဝပ်ရခန်းလှေဆိပ်မှာ ထာ့ချန့်လှေဆိပ်ထိ အခမဲ့လှေ စီးနင်းခွင့်ပြုထားပါတယ်။ 

နန်းတော်အနီး    ဆနမ်လုံကားဂိတ်ထိ လာရောက်မဲ့ လမ်းကြောင်း ၆ ခုက ဘတ်စ်ကား Shuttle Bus ကိုလည်း အခမဲ့ စီးခွင့်ပြုထားပါတယ်။

သမီးတော်ရဲ့ ရုပ်ကလာပ်ကို ဘယ်နေ့ မီးမြှိုက်ပူဇော်သင်္ဂြိုဟ်မယ်ဆိုတာကိုတော့  ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

လက်ရှိ ထိုင်းဘုရင်ကြီး မဟာဝဇီရာလောင်ကွန်းရဲ့ သမီးတော်ဖြစ်တဲ့  သက်တော် ၄၇ နှစ်ရှိ မင်းသမီး ဖတ်ချရကစ်သီယားဖား နရင်းထိလားထိပ်ဖယဝတီဟာ နှစ်ကာလကြာရှည်စွာ ဆေးရုံမှာ ဆေးကုသမှုခံနေရာကနေ  ဇွန် ၁၁ ရက်က နတ်ရွာစံသွာတာ ဖြစ်ပါတယ်။

Source:  ထိုင်းနန်းတွင်းထုတ်ပြန်ချက်၊ ထိုင်းအစိုးရ ပြန်ကြား‌ရေးဌာန 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013