DVB Logo
Home
Lead Story
ကမ္ဘာ့ကလေးများနေ့နဲ့ ကလေးစစ်သား
DVB
·
November 21, 2021
ကမ္ဘာ့ကလေးများနေ့နဲ့ ကလေးစစ်သား
Donate to DVB

တခါတော့ ဦးသန်းရွှေကို သူ့အောက်ကလူတွေက ကလေးစစ်သား စုဆောင်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ များနေပြီ၊ တခုခု ဖြေရှင်းသင့်တယ်လို့ တင်ပြတဲ့အခါ ‘ဂရုစိုက်မနေနဲ့၊ တပ်ထဲနေရင်း အချိန်တန် သူ့အလိုလို ကြီးသွားကြမှာပဲ’ လို့ ပြန်ပြောတာ ဗိုလ်မှူးအောင်လင်းထွဋ် ရေးတဲ့ ဆောင်းပါးမှာ ဖတ်ဖူးတယ်။ အခု အဲဒီစစ်သားလေးတွေဟာ ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာကြပါရဲ့လား။ 

၂၀၀၅ လောက်က သူငယ်ချင်းတယောက်နဲ့ ရန်ကုန်ဘူတာကြီးထဲ ရောက်တယ်။ ကလေးစစ်သား ၂၀၀ ကျော်ကို တနေရာပို့ဖို့ လုံခြုံရေး အသေချာယူပြီး ရထားစောင့်နေကြတာ တွေ့ရတယ်။ အထုပ်လေးတွေ ကိုယ်စီနဲ့ တန်းစီ ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ ကလေးစစ်သားတွေဟာ စက်ရုပ်တွေလို၊ မျက်နှာကိုယ်စီမှာ မာကျောမှု စိုးရိမ်မှု ကြောက်ရွံ့မှု မရေရာမှုတွေ ဖော်ပြနေတယ်။ မြင်ကွင်းကို ထိတ်လန့်ပြီး သူငယ်ချင်းနှစ်ယောက် အတော်ကြာအောင် စကားမပြောနိုင်ဘူး၊ ဒီကလေးတွေ ဘာများအလုပ်ခံရမလဲ၊ ဘာတွေဖြစ်ကုန်မလဲ… ။

၁၉၈၀ ပြည့်နှစ်တွေမှာတော့ မိဘအိမ်က ထွက်ပြေးရင် စစ်ထဲ ဝင်ကြတာတွေ ရှိတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာတော့ မိဘမဲ့ကလေးတွေ အိမ်ပြေးလေးတွေ ပါးနပ်လာတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေဆီမှာ ခိုကြတယ်။ ဒီတော့ မြို့နယ် စစ်သားစုဆောင်းရေးတွေက ကားဂိတ်၊ ဘူတာ၊ ဆိပ်ကမ်းတို့မှာ ယောင်ချာချာဖြစ်နေတဲ့ ကလေးတွေကို လက်ဦးမှုယူ လိုက်ဖမ်းခိုင်းတယ်။ ဖမ်းပေးသူတွေကို ဆန်တစ်အိတ်၊ ငွေတစ်သိန်း စသည် ချီးမြှင့်တယ်။ ဒီကတည်းက ကလေးဖမ်းဈေးကွက်က တစစကြီးလာတာ။

အခုတော့ အဲဒီကလေးစစ်သားတွေ အရွယ်ရောက်လာပြီး မဟုတ်တာ ဘာမဆိုလုပ်ရဲတဲ့ လက်ရဲဇက်ရဲတွေ ဖြစ်နေတာ အားလုံးမြင်ရတဲ့အတိုင်းပါ။ အမိန့်ပေးခိုင်းစေသူ ဂိုဏ်းခေါင်းဆောင်တွေအတွက် ပြည်သူ့အသက် ဘယ်လောက် သတ်ပေးရမလဲ၊ လုယက်ရမလား မုဒိမ်းကျင့်ရမလား၊ ဘယ်ဈေး ဘယ်မြို့ မီးရှို့ချင်သလဲ ပြော။ အဲဒီ စိတ်ဒဏ်ရာပေါင်းစုံနဲ့ မူမမှန်ရှာတဲ့ စစ်သားတွေကို အပေါ်က အာဏာရူး ဥစ္စာရူးတို့က ကောင်းကောင်း အသုံးချနေတော့တယ်။ 

ဒီနှစ်ထဲ ကျနော်တို့နိုင်ငံရဲ့ ပညာတတ်လူငယ်တွေဟာ သူတို့အတတ်ပညာ အသက်မွေးလုပ်ငန်း ဖြောင့်ဖြောင့် မလုပ်နိုင်ကြတော့ပါဘူး၊ ပါရမီဇနဲ့ အနာဂတ်အများကြီးရှိတဲ့ Gen-Z တွေဟာ သူတို့အိပ်မက်တွေဖျက်၊ အဲဒီစိတ္တဇစစ်သားတွေနဲ့ တိုက်ပွဲဝင်နေကြရတယ်။ အသက်တွေပေးရ၊ မိသားစုတွေ ကွဲကွာ၊ အစားမထိုးနိုင်တဲ့ ဆုံးရှုံးမှုတွေ။ တိုင်းပြည်စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စိတ္တဇစစ်မိစ္ဆာတို့ကြောင့် မွမွကြေ..။

အဲတော့ ရပ်ထဲ ရွာထဲ မြို့ထဲ မိဘမဲ့ကလေးတွေ လေလွင့်ကလေးတွေ တွေ့ရင် ပစ်မထားသင့် ဖယ်ကြဉ်မထားသင့်တာပါ။ သူတို့ကို  ကလေးဖမ်းဂိုဏ်းတွေက ရောင်းကုန်ပစ္စည်း လုပ်သွားမယ်၊ အတွေးအခေါ် မှားယွင်းနေတဲ့ အဖွဲ့အစည်းတွေက အသုံးချသွားမယ်၊ ဒီနောက် သူတို့ လူ့အဖွဲ့အစည်းကို  အဆုံးစွန်ဖျက်ဆီးသူတွေ ဖြစ်လာမယ်။ နောက်ဆုံး သူတို့နဲ့ အသက်မကွာလှတဲ့ ကျနော်တို့သားသမီးတွေ တာဝန်သိလူငယ်တွေက သူတို့ရှေ့ဘဝခရီး ကောင်းစွာမဆက်ရဘဲ အဲဒီစစ်မိစ္ဆာတွေ ရဲမိစ္ဆာတွေအတွက် အလုပ်ရှုပ်ကြရဦးမယ်၊ အသက်တွေ ပေးကြရဦးမယ်။ လူ့အဖွဲ့အစည်းလည်း  ရှေ့မရွေ့နိုင်ဘဲ  နှောင့်နှေးကြန့်ကြာရဦးမယ်။

ဒါပေမဲ့ လေလွင့်ကလေးတွေ ထိန်းသိမ်းစောင့်ရှောက်ပါလို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်ပါဘူး။ လေလွင့်ကလေးတွေ မူမှန်စိတ်နဲ့ လူလားမြောက်စေဖို့  လူအများနဲ့ ကောင်းမွန်စွာနေထိုင်ဖို့ ထိန်းသိမ်းပညာပေးနိုင်တဲ့ အင်စတီကျူးရှင်းတွေ နိုင်ငံမှာ မရှိဘူး။ မိဘမဲ့ဂေဟာအများစုရှိတဲ့ ကလေးတွေအခြေအနေက ထိတ်လန့်ဖွယ်ရာပါ။ အဲဒီကလေးတွေ စာသင်ကျောင်းထားရင်လည်း ခွဲခြားဆက်ဆံခံရဖို့ ရှိနေတယ်။ ဘုန်းကြီးကျောင်းပို့ရင်လည်း ကောင်းမွန်တဲ့ ဘုန်းတော်ကြီးနဲ့ တွေ့ဖို့ ရှားလာတယ်။ ဓမ္မာရုံ ဆောက်ချင်၊ မာစီးဒီးစီးချင် အာဏာာပိုင်နဲ့ ပေါင်းချင်တဲ့ ဘုန်းကြီးအောက် ရောက်မယ်။ ဘုန်းကြီးဖြစ်လာဦးတော့၊ အဲဒီလို ဘုန်းကြီးတွေပဲ ဖြစ်လာမယ်။ 

မိတ္ထီလာနယ်တဝိုက်က ဆရာတော်ကြီးတပါးဟာ သူ့ဘုန်းကြီးကျောင်းသားတွေကို အရိုက်ကြမ်းပြီး စစ်ဗိုလ်ဖြစ်အောင် လုပ်ခိုင်းခဲ့တယ်။ ဦးအောင်သောင်းနဲ့ ဗိုလ်မှူးချုပ်ပြည့်စုံနဲ့ ဗိုလ်ချုပ် သုံး လေး ငါးဦးဟာ  အဲဒီဘုန်းကြီးလက်ထွက်တွေလို့ ကြားဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ဟင်းပွဲလုတဲ့ ကျောင်းသားစရိုက်က ပါလာတော့ ဒီလူတွေလက်ထဲ ဝန်ကြီးဌာနတွေ ရောက်တဲ့အခါ ပျက်စီးမွဲပြာကျကုန်တာ သင်ခန်းစာပါပဲ။ 

မိဘမဲ့ မိန်းကလေးငယ်တွေကတော့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနိုင်တဲ့အဆင့်ထိ ရောက်ချင်မှ ရောက်ပါမယ်။ ဒါပေမဲ့ နေ့စဉ် လမ်းကြိုလမ်းကြား ဝင်ထွက်အလှူခံနေတဲ့ သီလရှင်အရေအတွက်က များလွန်းလာပါတယ်။ သီလရှင်အဝတ်နဲ့မို့ ဘဝလုံခြုံမှုတစုံတရာ ရှိပုံပေါ်ပေမဲ့ သူတို့မျက်နှာမှာ ပျော်ရွှင်မှုရှိပါရဲ့လား၊ သူတို့ကို ခိုင်းစားသူတွေ နောက်ကွယ်မှာ ရှိနေတတ်သလား။ နိုဝင်ဘာ ၂၀ ရက် ကမ္ဘာ့ကလေးများနေ့ တွေးမိတွေးရာပါ။

ရဲမြင့်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013