DVB Logo
Home
မြန်မာသတင်း
၉ နှစ်ကြာသည်အထိ အိမ်မပြန်နိုင်ကြောင်း မွတ်ဆလင်ဒုက္ခသည်များ ဂျပန်အထူးကိုယ်စားလှယ်ကို ပြော
DVB
·
November 16, 2021
၉ နှစ်ကြာသည်အထိ အိမ်မပြန်နိုင်ကြောင်း မွတ်ဆလင်ဒုက္ခသည်များ ဂျပန်အထူးကိုယ်စားလှယ်ကို ပြော
1 / 12
Donate to DVB

မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့ ဆုံစဉ်မှာ  ရခိုင်ပြည်နယ်က မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့  ၉ နှစ်ကြာတဲ့အထိ အိမ်မပြန်နိုင်သေးတဲ့ အခြေအနေကို တင်ပြခဲ့ကြတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့အဖွဲ့ဟာ နိုဝင်ဘာ ၁၅ ရက်မနက်က ရခိုင်ပြည်နယ်ကို ရောက်လာပြီး စစ်တွေမြို့ရှိ  အလိုတော်ပြည့်စစ်ဘေးရှောင်စခန်းနဲ့ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စခန်း တာဝန်ခံ သာလှရွှေက “ဂျပန်ကိုယ်စားလှယ်က ဒုက္ခသည်တွေကို မေးပါတယ်။ ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ။ မြို့ထဲကို သွားလို့ရလား။ ဒုက္ခသည်တွေက ဖြေကြပါတယ်။ ဒုက္ခသည်စခန်းကို ရောက်တာ ၉ နှစ်ရှိပြီ။ ယခုထိ စစ်တွေမြို့ပေါ်ကို သွားလို့မရဘူး၊ သွားရင် လုံခြုံရေးလိုပါတယ်။ အဲလို ဖြေကြားကြပါတယ်။ ဂျပန်ကိုယ်စားလှယ်က ပြန်ပြောခဲ့ပါတယ်။ ဂျပန်မှာ ဟီရိုရှီးမားကို အဏုမြူဗုံးနဲ့ တိုက်ခဲ့စဉ်က  သူဟာ ၆ နှစ်အရွယ်သာရှိသေးတယ်။ သူတို့ ညီအစ်ကို မောင်နှမတွေပဲ ကျန်ခဲ့တယ်တဲ့။ ဘဝတွေဟာ ဘယ်လောက်မှောင်နေပါစေ တစ်နေ့တရက်တော့ လင်းလာမှာပဲ၊ စိတ်မလျှော့ကြနဲ့ ကျန်းမာရေးကို ဂရုစိုက်နေပါလို့ပြောခဲ့ပါတယ် " လို့ ပြောပါတယ်။

စစ်တွေမြို့နယ်မှာ မွတ်ဆလင်ဒုက္ခသည်စခန်း ၁၄ ခုအထိရှိနေပြီး လူဦးရေ တစ်သိန်းလောက် နေထိုင်နေကြတာဖြစ်ပါတယ်။ 

အဆိုပါစခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေဟာ  စစ်တွေမြို့တွင်းရှိ ရပ်ကွက်တွေက ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့်  အခုလို ဒုက္ခသည်အဖြစ် နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါကတော့ ဒုက္ခသည်စခန်းမှာ ရောက်နေသူတွေကို အစားအသောက်နဲ့ ပညာရေးဆိုင်ရာ အကူအညီပေးဖို့ ကိစ္စရပ်တွေ ပြောဆိုသွားတယ်လို့ သိရပါတယ်။ 

ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့   ရခိုင်အမျိုးသားပါတီ ANP ပါတီတာဝန်ရှိသူတွေနဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ  ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ၊  စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေတွေ၊ အလုပ်ကိုင် အခွင့်အလမ်း မရှိတာနဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲတွေကို တင်ပြခဲ့တယ်လို့လည်း ANP ပါတီက ပြောပါတယ်။ 

ဦးသာထွန်းလှ ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ ဒီအပစ်အခတ်ရပ်စဲထားတဲ့  အခြေအနေက ရခိုင်မှာ တနှစ်ပြည့်ပြီဆိုတော့  နောက်ထပ်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ မဖြစ်ဖို့  သူလည်း ကြိုးပမ်းအားထုတ်နေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ နောက်တခုက ရခိုင်မှာ စစ်ဘေးရှောင် တိုက်ပွဲရှောင် ပြည်သူတွေအခက်အခဲကို နိပွန်ဖောင်ဒေးရှင်းအနေနဲ့ တစုံတရာ အကူအညီပေးဖို့  ရခိုင်ပြည်နယ်ကိုလာ လေ့လာတာလို့ ပြောပါတယ်။ အဓိက တိုက်ပွဲတွေ ထပ်မဖြစ်ဖို့  အတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ အဲဒါကို သူအဓိက ပြောသွားတာဖြစ်တယ်။” လို့ ပြောပါတယ်။

မစ္စတာဆာဆာကာဝါဟာ  ရခိုင်သို့ ဒုတိယအကြိမ်နေ့ချင်းပြန်ခရီးရောက်လာခြင်းဖြစ်ပြီး ညနေပိုင်းစစ်တွေက မထွက်ခွာမီ စစ်တွေရှိ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

မစ္စတာဆာဆာကာဝါဟာ ရခိုင်ခရီးစဉ်မသွားခင် နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013